ပရီးမီးယားလိဂ် လူစာရင်းတွင် ထည့်သွင်းထားသည့် ပီတာချက်ကို လိုအပ်လာပါက အသုံးပြုမည်ဟု လမ်းပတ်ပြောကြား

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ကစားသမားဘဝမှ အနားယူထားပြီးဖြစ်သည့် ပီတာချက်ကို ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီတွင် လိုအပ်လာပါက အသုံးပြုရန် ပြဿနာ မရှိကြောင်း ပြောကြားလိုက်သည်။

ဖရန့်လမ်းပတ်သည် အင်္ဂါနေ့တုန်းက ပရီးမီးယားလိဂ် ၂၅ ဦး လူစာရင်း တင်သွင်းခဲ့ရာတွင် ပီတာချက်ကိုလည်း ထည့်သွင်းခဲ့သည်။ အစောပိုင်းတုန်းက ဖရန့်လမ်းပတ်သည် ပီတာချက်ကို ချဲလ်ဆီးလူစာရင်းတွင် မှားယွင်းထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

သို့ရာတွင် ဖရန့်လမ်းပတ်က ဂန္ထဝင်ဂိုးသမားကို စာချုပ်မဲ့ကစားသမားအဖြစ် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပြီး ပီတာချက်ကို လိုအပ်လာပါက အသုံးပြုသွားနိုင်ကြောင်း ပြောကြားလာပြီ ဖြစ်သည်။

အသက် ၃၈ နှစ်ရှိ ပီတာချက်သည် ၂၀၁၈-၁၉ ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ သူသည် အင်္ဂလိပ်ဘောလုံးလောကတွင် ချဲလ်ဆီး၊ အာဆင်နယ်တို့၌ ၁၅ နှစ်ကြာကစားကာ ကျင်လည်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သည်။

ဖရန့်လမ်းပတ်က “ပီတာချက်က ဂိုးသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းလာတာ အနည်းငယ်ကြာပါပြီ။ သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှပေးနေပါတယ်။ ကျွန်တော်တို့မှာ နေရာလွတ်တွေ ရှိနေခဲ့တယ်။ ဒီနှစ်က ကိုဗစ်၊ ကွာရန်တင်း ဝင်ရမှုတွေကြောင့် ပုံမှန်နှစ်တွေလိုမျိုး မဟုတ်ဘူး။ ဘယ်သူမဆို ကိုဗစ်ဖြစ်နိုင်တယ်၊ ကွာရန်တင်းဝင်ရနိုင်တယ်။ ပီတာချက်ကလည်း သူ့နေ့စဉ်အလုပ်ကိုလည်း လုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ လိုအပ်လာတဲ့အခါ သူရှိနေပါမယ်။ သူက ကြံ့ခိုင်မှုကောင်းတယ်။ အရမ်းကောင်းနေတာပါ။ လူငယ်တစ်ယောက်လို ဖျတ်လတ်နေတုန်းပါ။ ဆက်ပြီး ကစားနိုင်တုန်းအချိန်မှာ သူ အနားယူပြီး ချဲလ်ဆီးမှာ အလုပ်လုပ်လာခဲ့တယ်။ ကျွန်တော့်အတွက် အများကြီး အကူအညီပေးခဲ့တယ်။ ကျွန်တော်တို့ နီးနီးကပ်ကပ် အလုပ်လုပ်ကြတယ်။ သူက ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်။ ဒီရာသီမှာ သူ့ကို မြင်ရမလားဆိုတော့ မသေချာပါဘူး။ ဒါကလည်း ကိုဗစ်နဲ့ ကွာရန်တင်းဝင်ရမှုအပေါ် မူတည်ပါတယ်”ဟု ပြောကြားသွားသည်။

ချဲလ်ဆီးသည် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲတွင် ၉ ဂိုးအထိ ပေးထားရပြီး ခံစစ်ပိုင်းနှင့် ဂိုးသမားပိုင်းမှာ မေးခွန်းထုတ်ခြင်း ခံနေရသည်။

ချဲလ်ဆီးသည် မနေ့ညတုန်းက ဆီဗီလာနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည်။ ၎င်းတို့သည် လာမည့် စနေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment