
ပရီးမီးယားလိဂ် ပွဲဦးထွက်ဂိုးသွင်းနိုင်သည့် တတိယမြောက် အာဆင်နယ်ကစားသမား ဖြစ်လာသော ဂါဘရီရယ်
ယနေ့ပြုလုပ်သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁ ၏ အစောဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်နှင့် အာဆင်နယ်တို့ ခရာဗင်ကော့တိတ်ချ်ကွင်းတွင် ကစားခဲ့ရာ ဧည့်သည်အာဆင်နယ်က ၃ ဂိုးပြတ်အနိုင်ယူကာ အဖွင့်မျက်နှာပန်း လှခဲ့သည်။
အာဆင်နယ်နည်းပြ အာတီတာသည် ယမန်နှစ်ရာသီက အသုံးပြုခဲ့သည့် ၃-၄-၃ ကစားကွက်ကို ဆက်လက်အသုံးပြုခဲ့သလို ချဲလ်ဆီးမှခေါ်ယူထားသည့် ဝီလျံ၊ လိုင်လီမှ ခေါ်ယူထားသည့် နောက်ခံလူ ဂါဘရီရယ်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။
ချန်ပီယံရှစ်တန်းတက် ဖူလ်ဟမ်သည် ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်တည့်မှု စ သည့်အချက်များတွင် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို မယှဉ်နိုင်ခဲ့ပေ။
အာဆင်နယ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၈ မိနစ်မှာပင် ဝီလျံ၏ကန်ချက်အား ဖူလ်ဟမ်ဂိုးသမား ရိုဒက် ကာကွယ်ရာမှ ပြန်ထွက်လာသည်ကို တိုက်စစ်မှူး လာကာဇက်က ပိတ်သွင်းခဲ့ခြင်းဖြစ် သည်။

ဒုတိယပိုင်းအစ ၄ မိနစ်တွင် ဂါဘရီရယ်က ဝီလျံတင်ပေးသော ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ကာ တတိယဂိုး၊ ၅၇ မိနစ်တွင် အသင်းခေါင်းဆောင် အော်ဘာမီယန်က ဂိုးဧရိယာထိပ်မှ ညာခြေအပြင်းကန်ချက်ဖြင့် တတိယဂိုး သွင်းယူခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ် ယူ-၂၀ ကစားသမားဟောင်း ဂါဘရီရယ်သည် အာဆင်နယ်သမိုင်းတစ်လျှောက် စတင်ပွဲထွက်ခွင့်ရသည့် ပရီးမီးယားလိဂ်ပွဲမှာပင် ဂိုးသွင်းနိုင်သော တ တိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
၎င်းထက်အရင် ပွဲဦးထွက် ပရီးမီးယားလိဂ်သွင်းဂိုး ရယူနိုင်သော အာဆင်နယ်ကစားသမား ၂ ဦးက စတိဗ်ဘိုးလ်(၁၉၉၂)နှင့် ဗာမေလန်(၂၀၀၉)တို့ ဖြစ်သည်။
အာဆင်နယ်နည်းပြ အာတီတာက အသင်းနှင့် စတင်ပွဲထွက်သည့်နေ့မှာပင် ခြေစွမ်းပြနိုင်ခဲ့သော ဝီလျံနှင့် ဂါဘရီရယ်တို့ကို ချီးကျူးလိုက်ပြီး လက်ရှိပုံစံကောင်းကို ဆက်လက်ထိန်းသိမ်း သွားရမည်ဟုလည်း အသင်းသားများကို တိုက်တွန်းလိုက်သည်။
Ref:BBC