ပရီးမီးယားလိဂ် ဇာတ်တော်မှာ တိုက်ပွဲခေါ်သံက အခုမှ စတယ် ….

ထွန်းထွန်းဦး(လှိုင်)

ပရီးမီးယားလိဂ် ပွဲစဉ်တစ်ဝက်ကျိုးသွားတယ် …

ရာသီဝက်ချန်ပီယံက မန်ယူနိုက်တက် …

ဒုတိယနေရာမှာက မန်စီးတီး ..

နှစ်သင်းကြားမှာ ၂ မှတ် ကွာနေသေးတယ်။

မန်ယူနိုက်တက်က ၃၇ မှတ်၊ မန်စီးတီးက ၃၅ မှတ် ..

ပြီးတော့ တတိယနေရာမှာ လက်စတာကလည်း ၃၅ မှတ်နဲ့ ရှေ့နှစ်သင်းကို ဖိအားပေးထားတုန်း…

လက်စတာနောက်မှာ လီဗာပူးက ၃၄ မှတ်၊ စပါးစ်က ၃၃ မှတ်နဲ့ အသီးသီးရှိနေသေးတယ်။

မပြီးသေးဘူး …

ပြိုင်ပွဲက အခုမှ တစ်ဝက်ကျိုးကျလို့ကောင်းတုန်း ရှိသေးတယ်။

ဒါတောင် အသင်း ၂၀ မှာ ၁၉ ပွဲပြည့်အောင် ကန်ထားတဲ့အသင်းတွေက နည်းနည်းသာ ရှိသေးတာပါ။

တော်တော်များများက ပွဲကျန်တွေ ကန်ဖို့ကျန်သေးတယ်။

အခုပဲကြည့်လေ။ အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းစာရင်း ဝင်တဲ့အသင်းတွေတောင် ၁၉ ပွဲ ပြည့်အောင် ကန်ထားဖူးတဲ့အသင်းဆိုလို့ တစ်သင်းမှ မရှိသေးပါဘူး။

အားလုံးက နောက်ဆက်တွဲ ပွဲကျန်တွေ တိုးလို့တန်းလန်းနဲ့ ရှိနေကြတုန်းဆိုပါတော့ …

လောလောဆယ်မှာတော့ မှားခဲ့တာတွေ ဘေးချပြီး ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ရင်း လိုရာကိုရောက်ဖို့ ပြေးရဦးမယ်။

တိုက်ပွဲက အခုမှ စတာဆိုတော့လေ….

ဟုတ်ပါတယ်။

အသိက မှားခွင့်မရှိဘူးတဲ့ …

သွားမယ့်လမ်းတွေက ပိုကြမ်းတမ်းလာတယ်။

ရှေ့ရေးကို အများကြီး တွေးထားပေမယ့် ထင်သလိုမျိုးဖြစ်လာတဲ့ အချိန်အခါမှ မဟုတ်တာ…

ရှိတာနဲ့လှော်ပြီး အဆင်ပြေသလို ကျော်ဖြတ်နေရတဲ့ ကိုဗစ်လွှမ်းခြုံထားတဲ့ ခေတ်မှာ ဖလားတစ်လုံးလုဖို့ဆိုတာ လွယ်တာမှမဟုတ် ….

ဇန်နဝါရီအပြောင်းအရွှေ့ဆိုတာကလည်း စကားအားဖြင့်သာ ဈေးကွက်ဖွင့်ထားတာပါ။

ဘယ်အသင်းကများ ငွေကိုဖြုန်းပြီး ဖလားယူဖို့အတွက် ခပ်ရဲရဲ ကြွေးကြော်နေဖူးလို့လဲ။

အသုံးအဖြုန်းလျှော့ပြီး ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် ခရီးဆက်နေရတဲ့ ကာလမှာ အသားမကျမှုတွေက တောင်းဆိုတာများနေတော့ ကန့်လန့်တိုက် ခေတ်ဆိုးကြီးထဲမှာ ကမောက်ကမ ရလဒ်တွေနဲ့ လက်တွဲ တိုးထွက်နေရတာ အသင်းတိုင်းအတွက် ခက်နေတုန်းပဲ။

အနီးဆုံး EPL ကိုပဲကြည့်…

လွန်ခဲ့တဲ့ ၄ နှစ်၊ ၂၀၁၆-၁၇ လောက်ကနေပြီး မနှစ်တုန်းကအထိ ရာသီဝက်ရောက်တိုင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်ဖြတ်ချမှုတွေကို အသာစီးယူပြီး ရာသီဝက်ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံကာ ပရိသတ်ကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့ အစဉ်အလာဟာ ဒီနှစ်မှာတော့ အဆုံးသတ်သွားပြန်ပြီ မဟုတ်ပါလား။

ဒီရာသီမှာ ထိပ်သီး ၅ သင်း အမှတ်မကွာဘဲနဲ့ ရှေ့ဆင့်နောက်ဆင့်နဲ့ ပြန်ဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတယ်။

ပရီးမီးယားလိဂ်ဟာ တစ်ကောင်တည်း ပြေးခွင့်မပေးတော့ပါဘူး။

အတိတ်မှာ ထီးထီးပြေးပြီး လိုချင်တာကို အတားအဆီးမဲ့ စိတ်အေးလက်အေးနဲ့ ယူနိုင်ခွင့်တွေ ဒီရာသီမှာ မရှိတော့ဘူး။

ဒီနှစ်မှာ ဖလားလိုချင်ရင် အားလုံးကြိုးစားရတော့မယ်။

မှားရင်ခံ၊ အနိုင်ရရင် စံရမယ့် အချိန်မျိုးအဖြစ် အပတ်စဉ်တိုင်းမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာလုပွဲက အတော်လေးကို အရသာခံကြည့်ကောင်းလာပါပြီ။

ဘယ်အသင်း ချန်ပီယံဖြစ်မလဲတဲ့ ..

ဘယ်သူမှ တပ်အပ်မပြောနိုင်သေးဘူး။ ပြောရခက်တယ်။

ဒီရာသီမှာ တစ်ပတ် ၂ ပွဲ ကနေ ၃ ပွဲအထိ ပွဲတော်တွေ ဆက်တိုက်နွဲှဲနေရတဲ့ အသင်းတိုင်းနီးပါး ပွဲပန်းတဲ့ဒဏ်၊ ကိုဗစ်ဒဏ်အပြင် အခြား ထိခိုက်ခံစားမှုတွေများခဲ့တဲ့ အရှိန်က လုံးဝမသေသွားသေးဘူး။ (ပွဲကျန်တွေက ကြားရက်ဝင်ဖြည့်တော့ ပိုဆိုးကုန်ပါရောလား … )

တည်သလိုမဖြစ်တဲ့အချိန်မှာ နည်းပြချုပ်တွေလည်း ခေါင်းစားရတယ်။

အသားမကျသေးတဲ့ ကာလတစ်ခုကို အနိုင်ယူဖို့ခက်နေတုန်းပဲ။

အခုဆိုရင် ပရီးမီးယားလိဂ်မှာ ဖလားလုကြမယ့် အသင်းတွေထဲမှာ ထိပ်သီး ၅ သင်းဟာ ရှေ့မှာပြောခဲ့သလို အမှတ်တွေမကွာဟဘဲနဲ့ အားလုံး အပြိုင်အဆိုင်ဖြစ်နေပြီ။

တစ်ပတ်မှာ တစ်ပွဲမှားလိုက်တာနဲ့ ရပ်တည်မှုက အောက်ကို ဇောက်ထိုးမိုးမျှော် ဆင်းသွားရမှာပါ။

အခန့်မသင့်ရင် ပြန်တက်ဖို့ခက်သလို စိတ်ဓာတ်တွေပါ အထိနာကုန်ရင် မျှော်မှန်းထားမှုဟာ အထိနာ ဆုံးရှုံးခြင်းနဲ့တောင် တစ်ရာသီ တိုးသွားနိုင်သေးတယ်မဟုတ်ပါလား။

အခုပဲကြည့်…

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပြီးဆုံးသွားတယ်၊ ဇယားထိပ်ဆုံး ၅ သင်းရဲ့အမှတ်ရထားမှု အနေအထားက တစ်သင်းနဲ့တစ်သင်း ဖင်ချင်းပေါက်နေသလို အထက်အောက်ကပ်နေတာ နီးနီးလေးတွေပါ။

တစ်ပွဲကစားပြီး တစ်ခါဆိုသလို ရပ်တည်မှုတွေက ပြောင်းလဲပြီး ရာသီသိမ်းအထိ ပြေးလွှားနေဦးမယ့် ပုံစံမျိုးဖြစ်တယ်။ (ပွဲကျန်တွေကလည်း ရှိနေသေးတော့ အကြိတ်အနယ်ဖြစ်တယ်ဆိုတာထက် ပိုနေတဲ့ ဟန်ပန်မျိုး ပိုပေါက်နေတော့တာပါပဲ)

ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာထက် ဘာတွေကြုံရပြီး ဘယ်လိုမျိုး ပန်းအဝင်မှာ ခလုတ်မထိ ဆူးမငြိဘဲနဲ့ လိုရာရောက်နိုင်မလဲဆိုတာ ကြည့်ရမယ်။

ပြောမယ့်သာပြောရတာပါ။ ထိပ်ဆုံးနေရာအတွက် လောလောဆယ်မှာ ထိပ်သီး ၅ သင်းလုနေတယ်ဆိုတာ စကားအားဖြင့်သာ ရှိသေးတယ်။

အဲ့ဒီ ၅ သင်းနောက်ကနေ ဆက်တိုက်လိုက်နေတဲ့ အသင်းတွေနဲ့ကလည်း အမှတ်တွေမကွာတော့ အားလုံးမှာ မျှော်လင့်ချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်နေရတာဆိုရင် ပိုမှန်လိမ့်မယ်။

တစ်ပွဲမှား၊ နှစ်ပွဲမှား၊ သုံးပွဲအထိပဲ မှားမှား၊ အမှားများလေလေ မှားတဲ့ဒဏ်ကို အကြီးအကျယ်ခံရကိန်း ဆိုက်မယ့်အနေအထားမျိုးလို့ ပြောရမယ်။

တစ်ပွဲမှားတာနဲ့ မှားတဲ့ဒဏ်ရာသက်ရောက်မှုက တန်ဖိုးသိပ်ကြီးတယ်ဆိုတာ ထိထားတဲ့အသင်းတွေက အားလုံးမျက်မြင်ကိုယ်တွေ့သင်ခန်းစာလို ဖြစ်နေပါလိမ့်မယ်။

အမှားသေးသေးလေးကနေပြီး အမှားအကြီးကြီးဖြစ်သွားလို့ ပြိုင်ဘက်အသင်းအတွက် အခွင့်အရေးပေးလိုက်ရသလိုမျိုး ဖြစ်သွားတဲ့ အခြေအနေမျိုး ဘယ်အသင်းတွေ ကြုံခဲ့ပြီးပြီလဲဆိုတာ အားလုံးတွေ့ပြီး ဖြစ်နေလိမ့်မယ်။

လာမယ့်ရှေ့ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန်တွေကို ဖြတ်ချလိမ့်မယ်။

ထိပ်ဆုံးရောက်အသင်း ၅ သင်းထဲမှာ စပါးစ်ကလွဲရင် ကျန်တဲ့အသင်းတွေ အားလုံးပါတယ်။

ပြီးရင် စနေနဲ့ တနင်္ဂနွေမှာ အက်ဖ်အေပွဲတွေ ပြန်ဝင်မယ်။ ဘာတွေဖြစ်လာဦးမလဲ။ စိတ်ဝင်စားရတယ်။

ပထမတစ်ဖြတ်တော့ ပြီးပြီ၊ ဒုတိယတစ်ဖြတ် ကျန်တယ်။

အဲ့ဒီမှာ ပွဲပိုတွေလျှော့ချပြီး ဘယ်အသင်းတွေ လိုချင်တာကို ယူပြသွားမလဲ၊ ရာသီဝက်ချန်ပီယံဖြစ်တဲ့အသင်း ရာသီသိမ်းရင် ချန်ပီယံဖြစ်တယ်ဆိုတဲ့ အစဉ်အလာကရော ဒီနှစ်မှာမြင်ရဦးမလား ..

ဇန်နဝါရီလ လက်ကျန်မှာ အင်အားဖြည့်တင်းခွင့်ကို ထိထိမိမိနဲ့ အရယူနိုင်ဖို့တော့ လိုတယ်။

အံဝင်ခွင်ကျဖြစ်မယ့် အသင်းတွေအဖို့တော့ လိုချင်တာကို အနားကပ်ခွင့်ရမယ်ဆိုတာလည်း ရှိသေးတယ်မဟုတ်လား …

(ပြီးတော့ ဒီလကုန်အထိ ထိပ်သီး ၅ သင်းရဲ့ပရီးမီးယားလိဂ် ပွဲစဉ်အနေအထားကိုကြည့်တော့ မန်စီးတီးကလွဲရင် ကျန်အသင်းတွေအားလုံး ဇွဲကောင်းပြီး ကစားအားရှိတဲ့ အစဉ်အလာရှိ အင်အားကြီးအသင်းကောင်းတွေနဲ့ ဆုံဖို့ရှိနေကြတာ မြင်ရမယ်)

ပါးနပ်မှုနဲ့ ခရီးဆက်ရမယ့် ရာသီဝက်လက်ကျန်က ရင်ခုန်စရာ …

ဒီလိုနဲ့ ပရီးမီးယားလိဂ်ဇာတ်တော်ဟာ အခုမှစတဲ့ တိုက်ပွဲခေါ်သံများနဲ့ ရှေ့ဆက်လို့ကောင်းတုန်း ဆိုပါတော့ …

Facebook Comments Box
Facebook Comment