
ပရီးမီးယားလိဂ် ကျမ်းစာအုပ်ထဲက မှုတ်ထုတ်လိုက်တဲ့ဖုန်တွေလို
ကလပ်အသင်းတွေဟာ လူတွေလိုပဲကျင်လည်ကြတယ်။
အသက်ရှူကြ၊ မောပန်းကြ၊ အပန်းဖြေခရီးထွက်ကြ၊ Stay at Home ကြပေါ့လေ။ လူတွေလိုပဲ ဇာတ်နိမ့်ဇာတ်မြင့်တွေရှိတယ်။
ဒီလောက်ယဉ်ကျေးပါတယ်ဆိုတဲ့ ခေတ်ကြီးထဲ အသားရောင်ခွဲခြားဖို့ ဖောက်တဲ့သူကဖောက်တာပဲ။ ငါတို့က ကြီးမြတ်သောသမိုင်းကြောင်းနဲ့လာတယ်လို့ နေရင်းထိုင်ရန်းနန်းဆန်သူကဆန်တာပဲ။ ဟေ့ ငါတို့လည်း ကိုယ်ပေါင်မုန့်နဲ့ကိုယ်ပဲလို့ ရောင့်ရဲသူတွေရှိတယ်။ ငါတို့ ဘာမှမဖြစ်ရင် နေပါစေ၊ အဲ့ဒီငွေပေါရုပ်ချောတွေကို တစ်ခုခုတော့ လုပ်လိုက်မှဖြစ်မယ်တွေရှိတယ်။ ကလပ်အသင်းတွေဟာ လူတွေလိုပဲ လမ်းပေါ်မှာမောင်းနေတယ်။

ချမ်းသာတဲ့သူက ပိုပြီးကြွယ်ဝချင်တာပဲ။ အပန်းဖြေစခန်းလောက်သွား, သွားနေရုံနဲ့မရတော့ဘူး။ အပန်းဖြေစခန်းတွေ ကိုယ်တိုင်ဆောက်ဖို့လိုသတဲ့။ ဟိုးအောက်မှာ တန်းဆင်းရရင် ကြိုးတစ်ချောင်းရဲ့အသုံးဝင်ပုံကို လက်တွေ့စမ်းသပ်တော့မယ့်အသင်းက အသင့်ပြင်နေချိန်မှာ
ချန်ပီယံလိဂ်ဗိုလ်မစွဲရကောင်းသလား အခန်းတံခါးပိတ်ပြီး ငိုနေတဲ့အသင်းကို ဘယ်လိုချော့ကြမလဲ။
တကယ်တော့ ဒါတွေဟာ ပြစ်မျိုးမှည့်မထင် သဘာဝတရားစစ်စစ်တွေပါ။
ဘယ်သူမှ ဘာမှသွားလုပ်လို့မရပါဘူး။ လူတွေ၊ အသင်းတွေဟာ ကံပစ်ချရာမြေသားထဲ ကိုယ့်သမိုင်းနဲ့ကိုယ့်ပိုင်ဆိုင်မှု ကိုယ်ရေးခဲ့ကြတာပဲ။ မျိုးရိုးစဉ်ဆက်လျှမ်းခဲ့တာတွေကို မျက်စိစပ်တယ်သွားလုပ်နေလို့မရသလို အသက်ငွေ့ငွေ့လေးမှာ ဒီတစ်ရာသီတော့ အသက်ဆက်ခွင့်ပြုပါ
လို့ ခွင့်တောင်းခံနေရသူတွေကိုလည်း စော်ကားလှောင်ပြောင်နေစရာမလိုပါဘူး။
ဒီမှာ ပရီးမီယားလိဂ်ပဲကြည့်မလား။ မန်ယူ၊ ချဲလ်ဆီး၊လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးပေါ့။ သူတို့ပဲမင်းမူကြဦးမှာပဲ။ သူတို့ပဲ နယ်စားပယ်စားကြီးတွေလို လိဂ်ကိုလွှမ်းမိုးထားကြတယ်။ အချိန်တန်ရင် သူတို့ထဲကတစ်သင်းတော့ဗိုလ်စွဲမှာပဲ။ အဆင့် ၁၀အပြင် မရောက်ကြေး၊ တန်းဆင်းဇုန်ထဲရောက်သွားမလားဆိုတဲ့ သေစကားမဆိုကြေး။ ကျွန်တော်တို့လိုအဝေးက သူတွေ၊ သူတို့ကို မော်ဖူးနေရတဲ့ အောက်အသင်းတွေဆိုရင် ဒီလိုပဲတွေးကောင်းတွေးကြမှာပဲ။ တွေးလည်းတွေးတာပဲ။ ဒါပေမဲ့ သူတို့လည်းပူပန်ကြောင့်ကြရခြင်းရထားတွေ ရာသီမှန်ပြေးဆွဲကြရ
တာပဲ။ လီဗာပူးဆို ငါတို့သရဖူကာကွယ်နိုင်ပါ့မလား၊

မန်စီးတီးက မက်ဆီကို ရသွားရင်ခက်ရချည်ရဲ့၊ ငါတို့ရဲ့ ဒီရာသီနဂါးခေါင်းဟာ ချန်ပီယံလိဂ်ဘက်လှည့်လိုက်ရမလား၊ အတွေးများလည်း မီးခိုးတွေအူပေါ့။ ကြည့်စမ်း..
ငါတို့ဟာ စောင်ကစားသမားသစ်တွေ မဝယ်နိုင်ရတဲ့ကြားထဲ တစ်ယောက်တည်းသောလူသစ် ဆီမီကက်စ်က ကွာရန်တင်းဝင်ရပြန်ဦးမတဲ့။ ဂျာဂင်ကလော့ပ်ရဲ့သောက်လက်စခွက်ဟာ မီးလိုပူပြင်းနေတော့မလား။ မန်စီးတီးဆိုလည်း လီဗာပူးကိုနှစ်ကြိမ်ဆက်ဗိုလ်စွဲခွင့်ပြုလို့မရဘူး။
ဒီငနဲတွေပြန်မဖြစ်စေရဘူး။ ငါတို့ကရော..၊ ငါဟာ မက်ဆီ မပါရင် ချန်ပီယံလိဂ်မှာဗိုလ်မစွဲနိုင်တဲ့နည်းပြတစ်ယောက်ဆိုတာ အမှန်ပဲတဲ့လားကွာ..ဆိုတဲ့ ဂွါဒီယိုလာ အတွင်းသံကို ရန်ကုန်ကတောင်ကြားနေရမလား။
ဒီလိုပဲ မန်ယူပေါ့၊ ဒီလို ပဲအာဆင်နယ်ပေါ့၊ ကိုယ့်အထာနဲ့ကိုယ် သောကတောင်တန်းတွေထမ်းကြပိုးကြရတာပဲ။ အသင်းငယ်လေးတွေဆိုလည်း ရာသီသစ်မှာ ပရီမီးယား လိဂ်ယူနီဖောင်းလေးမှ ဝယ်နိုင်ပါ့မလား။ ကစားသမားသစ် တစ်ယောက်တစ်လေတောင် ကောင်းကောင်းကန်း
ကန်းမဝယ်နိုင်ခဲ့လို့ မျက်နှာငယ်ရရှာမလား။ အဝေးကွင်းဆို သူတို့ကတအားနံတာပဲ မေမေလို့ ပြိုင်ဘက်အသင်းတွေက လှောင်ပြောင်ကြဦးမလား။ ဟိုကောင့်ကိုထုတ်ရောင်းလိုက်ရင် နှစ်ယောက်လောက်တော့ပြန်ဝယ်နိုင်မလား။

ဆရာကောင်းမှ တပည့်တွေသောင်းတိုက်ကကျော်မယ်လည်းသိပါရဲ့။ ငါတို့လည်း ဂွါဒီယိုလာခေါ်ပေးချင်တာပဲ။ ဒါပေမဲ့ အဲ့ဒါက ငါတို့အရာမှ မဟုတ်ဘဲသားရီးရဲ့။ ဆွေးစမ်းပါကွာ။ နိုင်တုန်းခဏပျော်ကြရပြီး နောက်ပွဲတွေလဲပြိုကုန်ရင် လဲစရာအရန်လူတောင်မရှိတဲ့ဘဝတွေပါညီလေးရယ်လို့ သန်းခေါင်ယံကဖေးတွေမှာ ငိုကြွေးကြရတာပဲ။
လာမယ့်စနေဆို ပရီးမီးယားလိဂ်စတင်ပါတော့မယ်။ ဒါက ကျွန်တော်တို့ခင်ဗျားတို့ရဲ့ အခြားသောအရပ်က မိတ်စစ်ဆွေရင်းတွေဖြစ်သလို ကျွန်တော်တို့ဝင်စားရာ ကျွန်တော်တို့ကိုယ်တိုင်လည်းဖြစ်ပါတယ်။ လူတွေက အသင်းရှိရာသွားကြ၊ အသင်းတွေက လူတွေဆီမက်ဆေ့ချ်
ပို့ကြ။ နောက်ဆုံးတော့ ဒါပါပဲ။ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်သင်တန်းဆင်းတွေချည်းပဲ။ သတိကြီးကြစို့။ ပျော်နိုင်ခွင့်ရှိတာ ပျော်ကြစို့။
📁 Nကြယ်မင်း