ပရီးမီးယားလိဂ်၏ လူစားလဲလှယ်မှုစည်းမျဉ်းကို ကလော့ပ်နှင့် ဂွါဒီယိုလာ ဝေဖန်

ဂျာဂင်ကလော့ပ်နှင့် ဂွါဒီယိုလာတို့သည် ပရီးမီးယားလိဂ်၏ လူစားလဲလှယ်မှု စည်းမျဉ်းအား ဝေဖန်ပြောကြားလာသည်။ ပရီးမီးယားလိဂ်သည် ပြီးခဲ့သည့် ရာသီတုန်းက ကိုဗစ်ကာလအတွင်းတွင် ကစားသမားလဲလှယ်မှု ၅ ဦးအထိ ခွင့်ပြုခဲ့သည်။ သို့ရာတွင် ယခုရာသီတွင်မူ ပရီးမီးယားလိဂ်သည် ယခင်ကဲ့သို့ပင် ကစားသမား ၃ ဦးသာ လူစားလဲလှယ်သည့် စနစ်ကို ပြန်လည်ကျင့်သုံးနေသည်။

လက်ရှိအချိန်၌ တစ်ကမ္ဘာလုံးတွင် ကစားသမား ၅ ဦး လဲလှယ်သည့်စနစ်ကို ကျင့်သုံးနေဆဲဖြစ်သော်လည်း ပရီးမီးယားလိဂ်မှာ ကစားသမား ၃ ဦး လဲလှယ်သည့် စနစ်ကို သုံးနေခြင်း ဖြစ်သည်။ ဖီဖာက ပြိုင်ပွဲတိုင်းအား စိတ်ကြိုက် ရွေးချယ်ခွင့် ပေးထားသော်လည်း ပရီးမီးယားလိဂ်ကလပ်များမှာ ကစားသမား ၃ ဦး လဲလှယ်သည့် စနစ်အား သုံးရန် မဲပေးခဲ့မှုကြောင့် ယင်းစနစ်ကို သုံးနေခြင်းလည်း ဖြစ်သည်။

လီဗာပူးသည် ယခုရာသီတွင် ဗန်ဒိုက်ကို လက်ကျန်ပွဲအားလုံးကို ဆုံးရှုံးထားရပြီး ဖြစ်သလို ဖာဘင်ဟို၊ တီယာဂို၊ မာတစ်၊ ချမ်ဘာလိန်းတို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရသည်။

ကလော့ပ်က ပရီးမီးယားလိဂ်ကလပ်များမှာ လူစားလဲလှယ်ရေး ဆုံးဖြတ်ချက် ချရာတွင် ဦးဆောင်မှုပိုင်း အားနည်းကြောင်း ဝေဖန်သွားသည်။

ကလော့ပ်က “ပြန်လည်ဆွေးနွေးသုံးသပ်သင့်တယ်။ ဒါပေမယ့် စနစ်ကြောင့် ဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး။ ချဲလ်ဆီးကစားသမား‌တွေ ဒဏ်ရာရတဲ့အချိန်မှာ ဒါက အကူအညီ မဖြစ်ခဲ့ဘူး။ စီးတီး၊ လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်၊ လက်စတာတို့လည်း အတူတူဘဲ။ မဲက အလုံအလောက် မရခဲ့ပါဘူး။ ဒါက စနစ်ကြောင့်ပါ။ ခေါင်းဆောင်မှုပိုင်း အားနည်းတာပါ။ ထိပ်တန်းကလပ် ၇ ခုက ကိုယ်အသာရအောင် တောင်းဆိုခဲ့ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ပွဲစဉ်ဇယားတွေကြောင့် တောင်းဆိုခဲ့ကြတာပါ။ ပွဲစဉ်ကြပ်တော့ အရမ်းခက်ခဲပါတယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနိုင်ဖို့ ဒါက အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ပြန်တွေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဂွါဒီယိုလာကလည်း ပွဲစဉ်ဇယားကြပ်မှုနှင့်အတူ ကစားသမားများ၏ ကြွက်သားဒဏ်ရာရရှိမှုမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ပြောကြားသွားသည်။

ဂွါဒီယိုလာက “အသားရတယ်ဆိုတာ မေ့လိုက်ပါ။ ဒါက ကစားသမားအားလုံးကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ သုံးရက်တစ်ပွဲ ကစားနေရတော့ သူတို့ နာကျင်လာရပါတယ်။ လိဂ်အားလုံးမှာ ဒီစနစ်ကျင့်သုံးနေတယ်။ ကျွန်တော်တို့ကျတော့ ဘာလို့ ကစားသမားတွေကို အကာအကွယ် မပေးတာလဲ”ဟု ပြောကြားသွားသည်။

မန်စီးတီးတွင်လည်း အဂူရို၊ ဖာနန်ဒင်ဟို၊ ဂျီးဆပ်စ်၊ ဘင်ဂျာမင်မင်ဒီ၊ နသန်အကဲတို့ ဒဏ်ရာကြောင့် အနားယူနေရသည်။

Facebook Comments Box
Facebook Comment