ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်တွင် ဆောက်သမ်တန် ရပ်တည်နိုင်မှုအပေါ် နည်းပြ ဟာဆန်ဟတ် အံ့ဩရ

ဆောက်သမ်တန်သည် သောကြာနေ့တုန်းက နယူးကာဆယ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ် တွင် ရပ်တည်လာနိုင်ခဲ့သည်။ ဟာဆန်ဟတ်ဦးဆောင်သည့် ဆောက်သမ်တန်သည် ချီအဒမ်၊ စတူးအပ် အမ်စထရောင်းတို့ သွင်းယူသည့် ဂိုးများဖြင့် နယူးကာဆယ်ကို အနိုင်ရရှိခဲ့သည်။

ဆောက်သမ်တန်သည် ပရီးမီးယားလိဂ် ၈ ပွဲတွင် ၅ ပွဲမြောက် နိုင်ပွဲ ရရှိထားပြီး ဂိုးကွာခြားချက် အသာဖြင့် လီဗာပူး၏အထက်တွင် ရပ်တည်လာနိုင်ခြင်း ဖြစ်သည်။

ဆောက်သမ်တန်သည် ၁၉၈၈ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်တန်းတွင် ဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် ပထမဆုံးအကြိမ် ရပ်တည်လာနိုင်ခြင်းလည်း ဖြစ်သည်။

ဟာဆန်ဟက်က “ကျွန်တော့်အသင်း လုပ်ပြနေတာတွေက အရမ်းအံ့ဩဖို့ကောင်းတယ်။ ကွင်းထဲမှာ ရှိတဲ့သူတွေရော၊ အသင်းမှာ ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အရမ်းအံ့ဩစရာ ကောင်းပါတယ်။ အားလုံးက အမြင့်ဆုံးအဆင့်မှာ ရှိနေကြတယ်။ ရိုးရိုးသားသားပြောရရင် အခု အသင်း လုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီး အနည်းငယ် ကြောက်ရပါတယ်။ ဒါပေမယ့် အသင်းရဲ့ လုပ်ဆောင်နေမှုကို မြင်ရတော့ အံ့ဩမှုလည်း မဖြစ်ပါဘူး”ဟု ပြောကြားသွားသည်။

နွေရာသီတွင် အဲဗာတန်မှ ရောက်လာသည့် သီယိုဝဲလ်ကော့သည် ဆောက်သမ်တန်၏ နိုင်ပွဲတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး အဒမ်၏ ဂိုးကို ဖန်တီးပေးခဲ့သည်။ ဝဲလ်ကော့သည် ဒန်နီအင်းစ် ဒဏ်ရာ ကြောင့် ခြောက်ပတ်ကြာ အနားယူနေရချိန်တွင် ခြေစွမ်းပြနေခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment