ပရီးမီးယားလိဂ်သို့ ပြောင်းကစားရန် ဟာလန်း တံခါးဖွင့်ပေးထား

အာလင်းဟာလန်းက အနာဂတ်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် တံခါးဖွင့်ထားကြောင်းနှင့် အင်္ဂလန်လက်ရွေးစင်အတွက် ကစားပေးရန် တစ်ခါမျှ စဉ်းစားခဲ့ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။

အာလင်းဟာလန်းသည် ဖခင်ဖြစ်သူ အင်ဂီမှာ လိဒ်တွင် ကစားနေစဉ် လိဒ်တွင်ပင် မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် ဒေါ့မွန်တွင် ကစားနေသည်။

သူသည် ရက်ဘူးလ်ဆဲလ်ဘတ်တွင် ခြေစွမ်းပြကစားပြီးနောက် ဆောင်းရာသီ အပြောင်းအရွှေ့တွင် ဒေါ့မွန်သို့ ရောက်လာချိန်တွင်လည်း ဆက်လက် ခြေစွမ်းပြနိုင်မှုကြောင့် အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံလာခဲ့ရသူ ဖြစ်သည်။

သူသည် ကလပ်ကစားသမားဘဝတွင် ထိပ်တန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း လက်ရွေးစင်အတွက် ကစားရန်တွင်မူ နော်ဝေကိုသာမက အင်္ဂလန်ကိုလည်း ရွေးချယ်ခွင့် ရှိနေခဲ့သူ ဖြစ်သည်။

သို့ရာတွင် ၎င်းက “မစဉ်းစားခဲ့ဖူးပါဘူး။ ရွေးချယ်နိုင်တယ်လို့လည်း မသိခဲ့ဘူး။ ကျွန်တော် လေးနှစ်သား အရွယ်မှာ နော်ဝေသို့ ပြန်လာခဲ့တယ်။ ဒီတော့ များများ စားစားလည်း မတွေးပါဘူး။ ကျွန်တော်က နော်ဝေသားပါ။ ဒီအတွက်လည်း ဂုဏ်ယူပါတယ်”ဟု ပြောကြားသွားသည်။

အသက် ၂၀ နှစ်ရှိ တိုက်စစ်မှူးသည် ဒေါ့မွန်သို့ မပြောင်းမီ မန်ယူ၏ ဆက်သွယ်ခြင်းခံခဲ့ရဖူးသူလည်း ဖြစ်သည်။ ၎င်းက အနာဂတ်တွင် ပရီးမီးယားလိဂ်သို့ လာရောက်ကစားရန် တံခါးဖွင့်ထားကြောင်း ပြောကြားလိုက်သည်။

ဟာလန်းက “ထိပ်သီးလိဂ်ငါးခုမှာ ကစားဖို့ အမြဲကြိုးပမ်းခဲ့တာပါ။ အခု ဂျာမနီမှာ တော်တော်လေး အထိုင်ကျနေပါပြီ။ ခင်ဗျားတို့လည်း ဒါကို မြင်ကြမှာပါ။ ထိပ်သီး လိဂ်ငါးခုမှာ ကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ပါ”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment