
ပရီးမီးယားလိဂ်မှ အကောင်းဆုံး နယ်သာလန် ကစားသမား ၁၀ ဦး (အပိုင်း ၂)
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကမ္ဘာတစ်လွှားက အကောင်းဆုံး ကစားသမားတွေ လာရောက် ကစားနေတဲ့ ပြိုင်ပွဲကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီကစားသမား တွေထဲမှာ နယ်သာလန် နိုင်ငံသား ထိပ်တန်း ကစားသမား တွေလည်း ပါဝင်နေပြီး ၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နယ်သာလန် ကစားသမား ၁၀၀ ကျော် လာရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။
မကြာသေးမီက မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း နယ်သာလန် ကစားသမား ဗန်ဒါဘိခ်ကို ခေါ်ယူလိုက်တာကြောင့် ယခင်က ဒီပြိုင်ပွဲတစ်လျှောက် ထွန်းတောက် ခဲ့ဖူးတဲ့ အကောင်းဆုံး နယ်သာလန် ကစားသမားတွေ အကြောင်း တင်ပြလိုက်ရပါတယ်။

ရော်ဘင် ဗန်ပါစီ
ပရီးမီးယားလိဂ်က အာဆင်နယ်နဲ့ မန်ယူနိုက်တက် အသင်းကြီး နှစ်သင်းရဲ့ အဓိက တိုက်စစ်မှုး ဖြစ်ခဲ့သူ ဗန်ပါစီဟာ သူ့ရဲ့ ပထမ ၈ နှစ်ကို အာဆင်နယ် အသင်းနဲ့ ဖြတ်သန်းခဲ့ ပါတယ်။ တောင်ပံ ကစားသမား ကနေ အဓိက တိုက်စစ်မှုး ဖြစ်လာခဲ့တဲ့ ဗန်ပါစီဟာ နောက်ဆုံးရာသီမှာ လိဂ်ဂိုး ၃၀ အထိ သွင်းယူပြီး ရွှေဖိနပ် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ သူ့လို တစ်ရာသီတည်း ဂိုး ၃၀ နဲ့ အထက် သွင်းနိုင်တာ ၈ ဦးပဲ ရှိပါတယ်။ ယူနိုက်တက်ကို ရောက်တဲ့ အခါ မှာလည်း နောက်တစ်ကြိမ် ရွှေဖိနပ် ထပ်ရခဲ့ပြီး အမှတ်ပေး ဖလားနဲ့ ရွှေဖိနပ် တစ်နှစ်တည်း ရဖူးတဲ့ ကစားသမား ၆ ဦးမှာ တစ်ဦးအပါအ၀င် ဖြစ်လာပါတယ်။ ဒါ့အပြင် အခုလို မတူညီတဲ့ အသင်း ၂ သင်းနဲ့ ရွှေဖိနပ် ရဖူးတာ သူနဲ့ အလန်ရှီးယား နှစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဗန်ပါစီဟာ ယူနိုက်တက်မှာ ရှိနေစဥ် အသင်းဟောင်း အာဆင်နယ် ပရိသတ်တွေရဲ့ ငြိုငြင်ခံခဲ့ရသလို ယူနိုက်တက် ပရိသတ် တွေရဲ့ ယုံကြည်မှုကိုလည်း အပြည့်အ၀ မရခဲ့ရှာပါဘူး။


အက်ဒ်၀င် ဗန်ဒါဆား
ပရီးမီးယားလိဂ် ဖလားကို ရခဲ့ဖူးတဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်သူ ဗန်ဒါဆားဟာ ယူနိုက်တက်ကို ရောက်တဲ့ အချိန်မှာတင် အသက် ၃၀ ကျော်နေပါပြီ။ ယခင် ဂျူဗင်တပ် ဂိုးသမားဟောင်းဟာ ဘူဖွန်ကြောင့် ပထမနေရာ ပျောက်ဆုံးခဲ့တဲ့ အတွက် အင်္ဂလန် ပထမတန်း ချန်ပီယံ ဖူလ်ဟမ် အသင်းကို ပြောင်းရွှေ့ခဲ့ ပါတယ်။ တကယ်တမ်း သူ့ရဲ့ အကောင်းဆုံး လက်စွမ်းကိုတော့ ယူနိုက်တက်ကို ရောက်မှ တွေ့ရှိခွင့် ရခဲ့တာပါ။ ပေးဂိုးမရှိ ပွဲအများဆုံး စံချိန် တင်နိုင်ခဲ့တာကြောင့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက်တောင် ဆန်ခါတင် ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဂိုးသမား စာရင်းမှာ ပီတာ ရှမိုက်ကယ်၊ ဖေဘီယန် ဘားသက်ဇ် တို့လို ထည့်သွင်း သတ်မှတ် ခံရသူ ဖြစ်ပါတယ်။

မာ့အိုဗားမားစ်
ပရီးမီးယားလိဂ်မှာ ၃ နှစ်ပဲ ကစားခဲ့တဲ့ အိုဗာမားစ်ဟာ အာဆင်၀င်းဂါးရဲ့ ဖလားနှစ်လုံးရ အကောင်းဆုံး အသင်းမှာ နောက်ဆုံး အင်အား ဖြည့်တင်းခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အိုင်းယက်စ် အသင်းမှာ ရွှေဖိနပ်ဆု အပါအ၀င် တစ်ဦးချင်း ဆုတံဆိပ်နဲ့ အသင်းလိုက် ဆုဖလား များစွာ ရခဲ့တဲ့ အိုဗာမားစ်ဟာ အာဆင်နယ် မှာလည်း အမှတ်ပေးနဲ့ FA ဖလားတွေ တစ်နှစ်အတွင်း ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ အတိ ကစားခဲ့ရာမှာ ၂၅ ဂိုးအထိ သွင်းပေးခဲ့တာကြောင့် အာဆင်နယ် သမိုင်းတစ်လျှောက် ၁၂ ယောက်မြောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရ ပါတယ်။ တတိယမြောက် ရာသီအပြီးမှာ ဘာစီလိုနာကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး အဲဒီအချိန်က နယ်သာလန် ကစားသမား တွေထဲမှာ ပြောင်းရွှေကြေး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။


အာဂျန်ရော်ဘန်
အိုဗာမားစ်လိုပဲ ပရီးမီးယားလိဂ်မှာ ၃ ရာသီသာ ကစားခဲ့ပေမယ့် အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံရသူ ကတော့ ချယ်လ်ဆီး ကစားသမားဟောင်း ရော်ဘန်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း ရော်ဘန်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ဘိုင်ယန်မြူးနစ် ရောက်မှ ရခဲ့တာ ဆိုပေမယ့် ချယ်လ်ဆီးကို ရောက်ကာစ အချိန်မှာ အသက် ၂၀ သာ ရှိသေးတဲ့ ရော်ဘန်ကို ပြိုင်ဘက် နောက်တန်းတွေ အထူး ထိတ်လန့်ခဲ့ရ ပါတယ်။ မှန်းဆရ ခက်တဲ့ လှုပ်ရှားဟန်နဲ့ လျင်မြန်တဲ့ ပြေးအားတို့ကြောင့် ချယ်လ်ဆီး တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပုံဖော် နိုင်ခဲ့သူ ရော်ဘန်ဟာ လိဂ်ပွဲပေါင်း ၆၇ ပွဲ ပါ၀င်ကစား ခဲ့ရာမှာ ၅၅ ပွဲ အနိုင်ရရှိ ခဲ့ပါတယ်။ ချယ်လ်ဆီးကို အမှတ်ပေး ဖလား ၂ လုံး၊ ရှုံးထွက်ဖလား ၃ လုံး ရယူပေးခဲ့ပြီး နောက်ပိုင်းမှာ ဒဏ်ရာ ပြဿနာကြောင့် အသင်းကနေ ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။

ရာဖေး ဗန်ဒါဗတ်
ရီးယဲလ် မက်ဒရစ်ကို ကာကာနဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေ ရောက်လာတဲ့ အတွက် ပုံမှန် ပွဲထွက်ခွင့် မသေချာတာကြောင့် စပါးကို ပြောင်းရွှေ့လာ ခဲ့တဲ့ ဗန်ဒါဗတ်ဟာ ပရီးမီးယားလိဂ် ပရိသတ်တွေကို သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း မြင်တွေ့ခွင့် ရစေခဲ့ပါတယ်။ ဗန်ဒါဗတ်ဟာ အဲဒီအချိန်က စပါးမှာ ဘေးလ်၊ မိုဒရစ် စတဲ့ ထိပ်တန်း ကစားသမား ဖြစ်လာမယ့် သူတွေနဲ့ တွဲကစားခဲ့ပြီး အတွဲအဖက် ညီညီ ခြေစွမ်း ပြနိုင်ခဲ့ပါတယ်။ သူဟာ အိုင်းယက်စ်နဲ့ တစ်ဦးချင်းရော အသင်းလိုက် ဆုဖလားတွေ ရခဲ့သလို ဟမ်းဘတ်၊ ရီးယဲလ် တို့နဲ့လည်း ဆုဖလားတွေ ရခဲ့ပေမယ့် စပါးမှာတော့ တစ်လတာ အကောင်းဆုံး ကစားသမားဆု တစ်ကြိမ်သာ ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ရာသီ ၁၀ ဂိုးအထက် သွင်းနိုင်တဲ့ အရည်အသွေးမြင့် ကွင်းလယ် ကစားသမား ဖြစ်တာကြောင့် ဒီစာရင်းမှာ ပါ၀င်လာတာပါ။