
ပရီးမီးယားလိဂ်မှ အကောင်းဆုံး နယ်သာလန် ကစားသမား ၁၀ ဦး (အပိုင်း ၁)
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကမ္ဘာတစ်လွှားက အကောင်းဆုံး ကစားသမားတွေ လာရောက် ကစားနေတဲ့ ပြိုင်ပွဲကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီကစားသမား တွေထဲမှာ နယ်သာလန် နိုင်ငံသား ထိပ်တန်း ကစားသမား တွေလည်း ပါဝင်နေပြီး ၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နယ်သာလန် ကစားသမား ၁၀၀ ကျော် လာရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။
မကြာသေးမီက မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း နယ်သာလန် ကစားသမား ဗန်ဒါဘိခ်ကို ခေါ်ယူလိုက်တာကြောင့် ယခင်က ဒီပြိုင်ပွဲတစ်လျှောက် ထွန်းတောက် ခဲ့ဖူးတဲ့ အကောင်းဆုံး နယ်သာလန် ကစားသမားတွေ အကြောင်း တင်ပြလိုက်ရပါတယ်။

ဒင်းနစ်ဘားကမ့်
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ဂန္တဝင် ကစားသမား တွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ဘားကမ့်ဟာ လိဂ်ပြိုင်ပွဲမှာ သမိုင်းမှာ အကောင်းဆုံး နယ်သာလန်သား လို့တောင် ပြောလို့ ရတဲ့သူ ဖြစ်ပါတယ်။ အာဆင်ဝင်းဂါး လက်ထက် အကောင်းဆုံး အာဆင်နယ် အသင်းမှာ ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်လို့ သူ့ရဲ့ စွမ်းဆောင်ရည်က ပြောလို့တောင် မကုန်ပါဘူး။ PFA အကောင်းဆုံး ကစားသမားဆု အပါအဝင် တစ်ဦးချင်း ဂုဏ်ပြုဆု အများအပြား ရရှိခဲ့တဲ့ ဘားကမ့်ဟာ အသင်း အတွက်လည်း အမှတ်ပေး ဖလား ၃ လုံးနဲ့ FA ဖလား ၄ လုံး ဆွတ်ခူးပေးခဲ့ ပါတယ်။ သူဟာ အာဆင်နယ် အတွက် ၄၂၃ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၂၀ သွင်းယူ ပေးခဲ့ပါတယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်း
ဒူးဒဏ်ရာကြောင့် ဖာဂူဆန် ကိုယ်တိုင် တစ်နှစ်ကျော် အချိန်ယူ စောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့ရတဲ့ နယ်သာလန် ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အဆုံးသတ် အသေချာဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၂၁၉ ပွဲ ကစားပြီး ဂိုး ၁၅၀ သွင်းပေးခဲ့သူ နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်မှာ ဆဌမမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု၊ PFA အကောင်းဆုံး ကစားသမားဆု၊ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမား ဆုတွေအပြင် အသင်း အတွက်လည်း အမှတ်ပေး ဖလား၊ လိဂ်ဖလား၊ FA ဖလားတွေ ရယူပေးခဲ့ပါတယ်။


ဂျင်မီဖလွိုက်ဟက်ဆယ်ဘိန့်ခ်
နယ်သာလန် တိုက်စစ်မှူး ဟက်ဆယ်ဘိန့်ဟာ ပရီးမီးယားလိဂ်မှာ ၉ ရာသီလောက် ကစားခဲ့တဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ လိဒ်ယူနိုက်တက် အသင်းကို ပေါ်တူဂီကလပ် ဘိုအာဘစ္စတာ ကနေ ပေါင် ၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဒုတိယမြောက် ရာသီမှာပဲ မိုက်ကယ်အိုဝင်၊ ဒွိုက်ယော့ခ်တို့နဲ့ ပူးတွဲ ရွှေဖိနပ် ရခဲ့ပါတယ်။ အဲဒီနောက် စပိန်က အက်သက်တီကို မက်ဒရစ်ကို တစ်ရာသီ သွားရောက် ကစားခဲ့ပြီး ချယ်လ်ဆီးက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ သူ့ကို အင်္ဂလန် ပြန်ခေါ်ပါတယ်။ အဲဒီမှာ နောက်တစ်ကြိမ် ဂိုးသွင်းဘုရင် ရွှေဖိနပ် ထပ်ရပြီး ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၇၀ အထိ သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် မစ်ဒယ်ဘရော့ကို ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီ အတွင်း ၃၃ ဂိုး ထပ်သွင်းခဲ့ ပါသေးတယ်။

ဗာဂျေး ဗန်ဒိုက်
လီဗာပူးလ် အသင်းဟာ ဗန်ဒိုက်ကို မခေါ်ယူခင် အချိန်က အသင်းကြီး တွေထဲမှာ နောက်တန်း အားအနည်းဆုံး အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးထက် ပေးဂိုးနှစ်ဆ ပိုများနေတဲ့ အသင်းပါ။ ဒါပေမယ့် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ နယ်သာလန် နောက်ခံလူကို ခေါ်ယူပြီးတဲ့ နောက်မှာ အခြေအနေတွေ တစ်မျိုးတဖုံ ပြောင်းလဲ သွားပါတယ်။ ဗန်ဒိုက် ဝင်ကစားတဲ့ ၇၇ ပွဲမှာ ပေးဂိုး ၄၇ ဂိုးသာ ရှိခဲ့ပြီး ၃၉ ပွဲ ပေးဂိုးမရှိခဲ့ တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း PFA အကောင်းဆုံး ကစားသမားဆုနဲ့ Ballon d’Or ဒုတိယဆုတို့လို တစ်ဦးချင်း ဆုတွေ အများအပြား ရခဲ့တဲ့ အပြင် အသင်းကိုလည်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ စူပါဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲတွေမှာ ဗိုလ်စွဲစေခဲ့ပါတယ်။


ယက်စတမ်း
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်လူ တစ်ဦး အဖြစ် သတ်မှတ်ခံရတဲ့ စတမ်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းဝင် ဖလား ၃ လုံး ချန်ပီယံ ဖြစ်တဲ့နှစ်မှာ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်တန်း ကျောက်ဆောင်ကြီး အဖြစ် ပြိုင်ဘက် ကစားသမားတိုင်း လေးစားရတဲ့ နယ်သာလန် ကစားသမား ကြီးဟာ သူပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ ၃ ရာသီစလုံး အသင်းကို ဆုဖလားတွေ ရရှိစေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး အချိန်မှာ အသင်းက ထွက်ခွာသွားခဲ့ပြီး သူမရှိတော့တဲ့ နောက်ပိုင်း ၅ ရာသီ အတွင်း ယူနိုက်တက်ဟာ ဖလားတစ်လုံးသာ ရခဲ့ပါတယ်။
(အပိုင်း ၂ ဆက်ရန်)