ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ၄ ဂိုးနှင့်အထက် သွင်းနိုင်သော ကစားသမားများ

ဒီနေ့ည ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့အစောဆုံးပွဲဖြစ်တဲ့ ဆောက်သမ်တန်-စပါးပွဲက စံချိန်အချို့နဲ့ ပရိသတ်ကို ဖျော်ဖြေမှု ပေးစွမ်းနိုင်ခဲ့ပါတယ်။

ဧည့်သည်စပါးက ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်က ၄ ဂို:၊ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ၁ ဂိုးသွင်းကာ မော်ရင်ညိုအတွက် ပထမဆုံးနိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ဂျပန်ကွင်းလယ်လူ ကာဂါဝါပြီးရင် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် အာရှသားအဖြစ် စံချိန်တင်ထားနိုင်ပြီ ဖြစ်သလို ဟယ်ရီကိန်းကလည်း ဆွန် ဟောင်မင်သွင်းတဲ့ ၄ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့လို့ စံချိန်ထပ်တင်လိုက်ပြန်ပါတယ်။

ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ပွဲတည်းမှာ ၄ ဂိုးဖန်တီးပေးတဲ့ ဆဋ္ဌ မမြောက် ကစားသမားဖြစ်လာသလို သူကိုယ်တိုင်က ၁ ဂိုးသွင်းထားတာကြောင့် တစ်ပွဲတည်းမှာတင် ၅ ဂိုး ပါဝင်ပတ်သက်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၄ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမားတွေအကြောင်း အကျဉ်းသဘော ဖော်ပြလိုက်ပါတယ်။

၄ ဂိုးနှင့်အထက် ဂိုးသွင်းရှင်များ

အီဖန်အီကိုကူ

နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဖန်အီကိူကူဟာ နောရစ်ချ်အသင်းမှာ ကစားစဉ် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နောရစ်ချ်က ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၂၆ နှစ်အရွယ် အီကိုကူက ၄ ဂိုးသွင်းကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်ဒီကိုးလ်

၁၉၉၅ ခုနှစ်၊ ဇန်နဝါရီမှာ နယူးကာဆယ်ကနေ ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်တိုက်စစ်မှူး အင်ဒီကိုးလ်ဟာ မတ်လ ၄ ရက်က အစ်ဆွစ်ချ်ကို ၉ ဂိုးပြတ် အနိုင်ရ တဲ့ပွဲမှာ အသင်းသစ် မန်ယူအတွက် တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

ကိုးလ်ဟာ နယူးကာဆယ်မှာ ရှိနေစဉ်ကလည်း ပရီးမီးယားလိဂ်မှာ ဟက်ထရစ် ၂ ကြိမ်ရဖူးပြီး တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာက သူ့ဘဝအတွက် မမေ့နိုင်စရာ အခိုက်အတန့်တွေ ဖြစ်နေမှာပါ။

သူဟာ နောက်ထပ် ၄ နှစ်အကြာ ၁၉၉၉ ခုနှစ်၊ သြဂုတ်လ ၃၀ က အသင်းဟောင်း နယူးကာဆယ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ၄ ဂိုး ထပ်သွင်းခဲ့ပါသေးတယ်။

ရော်ဘီဖောင်လာ

လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး ရော်ဘီဖောင်လာကတော့ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က ဘော်လ်တန်ကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကြိုးကြာနီတွေအတွက် တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဖောင်လာဟာ အဲဒီမတိုင်ခင်က ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် ဟက်ထရစ် ၂ ကြိမ် သွင်းထားပါသေးတယ်။

သူဟာ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှာ မစ်ဒယ်ဘရော့ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၄ ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။

ဗီယာလီ

ဒီတစ်ခါ ၄ ဂိုးသွင်းတဲ့ သူရဲကောင်းကတော့ တစ်ခေါင်းလုံးကို ပြောင်အောင်ရိတ်ထားတဲ့ အီတလီတိုက်စစ်မှူး ဂျီယန်လူကာဗီယာလီပဲ ဖြစ်ပါတယ်။

ဗီယာလီဟာ ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်က ဘန်စလေကို ၆ ဂိုးပြတ် အနိုင်ရတဲ့ အဝေးကွင်းပွဲမှာ ချဲလ်ဆီးအတွက် ၄ ဂိုးသွင်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့ရဲ့စံချိန်ကို ချိုးနိုင်တဲ့ နောက်ထပ် အပြာရောင်တပ်သားတွေကတော့ ဟက်ဆယ်ဘိန့်နဲ့ ဖရန့်လမ်းပတ်တို့ပါပဲ။

ဂျာဂင်ကလင်းစမန်း

ယူရို ၁၉၉၆ ချန်ပီယံ၊ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီတိုက်စစ်မှူးကြီးဟာ ၁၉၉၈ ခုနှစ်၊ မေလ ၂ ရက်က ဝင်ဘယ်ဒန်ကွင်းမှာ တစ်ဦးတည်း ၄ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ သူ့ရဲ့အသင်း စပါးက အိမ်ရှင် ဝင်ဘယ်ဒန်ကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

မိုက်ကယ်အိုဝင်

အင်္ဂလန် ကစားသမားတွေအနက် တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမားက လီဗာပူးလ်တိုက်စစ်မှူး မိုက်ကယ်အိုဝင်ပဲ ဖြစ်ပါတယ်။

ဌက်မြန်လေးလို့ခေါ်တဲ့ အိုဝင်ဟာ ၄ ဂိုးမသွင်းနိုင်ခင်အထိ ဟက်ထရစ် ၂ ကြိမ် သွင်းထားသူဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က နော်တင်ဟမ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် ၄ ဂိုး သွင်းခဲ့တာပါ။

သူဟာ ၂၀၀၃ ခုနှစ်၊ ဧပြီ ၂၆ ရက်က ဝက်စ်ဘရွန်းကို ၆ ဂိုးပြတ် အနိုင်ရတဲ့ အဝေးကွင်းပွဲမှာလည်း ၄ ဂိုး သွင်းခဲ့ပါသေးတယ်။

ဆိုးလ်ရှား

လက်ရှိ မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ၄ ဂိုးသွင်းနိုင်တဲ့စာရင်းထဲ ပါဝင်ခဲ့သူပါ။

နော်ဝေတိုက်စစ်မှူးဟာ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က နော်တင်ဟမ်ကို အဝေးကွင်းမှာ ၈-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူအတွက် ၄ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ထူးခြားချက်က Super Sub လို့ခေါ်တဲ့ ဆိုးလ်ရှားဟာ ထုံးစံအတိုင်း လူစားဝင်ကစားခွင့်ရပြီးမှ တစ်ဦးတည်း ၄ ဂိုးသွင်းနိုင်ခဲ့တာပါပဲ။

ဆိုးလ်ရှားဟာ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က အဲဗာတန်ကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ ပွဲထွက်စာရင်းက ပါဝင်ကစားကာ တစ်ဦးတည်း ၄ ဂိုးအထိ ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။

ဒီပွဲမှာလည်း ထူးခြားချက်က ထပ်မံထွက်ပေါ်လာခဲ့ပြီး အဲဒီနော်ဝေသားက ဂိုးတွေကို ဘယ်ခြေ၊ ညာခြေနဲ့သာမက ခေါင်းတိုက်ပြီးတော့လည်း သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

အလန်ရှီးယား

ပရီးမီးယားလိဂ် စတင်ချိန်ကတည်းက ထိပ်တန်းတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်လက်ရွေးစင် အလန်ရှီးယားဟာ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ရှက်ဖီးလ်ဝင်းစ်ဒေးကို ၈-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နယူးကာဆယ်အသင်းအတွက် တစ်ဥိးတည်း ၅ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်ကဆိုရင် ရှီးယားဟာ ပရီးမီးယားလိဂ်ပွဲတွေမှာ ဟက်ထရစ် ၁၀ ကြိမ်အထိ ရယူထားပြီး ဘလက်ဘန်းအတွက် ၉ ကြိမ်၊ နယူးကာဆယ်အတွက် ၁ ကြိမ် ရယူပေးခဲ့တာပါ။

ဟက်ဆယ်ဘိန့်

စောဒကတက်ပြီဆိုရင် မျက်လုံးကြီးကို ပြူးပြတတ်တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟက်ဆယ်ဘိန့်ကလည်း ပရီးမီးယားရဲ့တစ်ပွဲတည်း ၄ ဂိုးရှင်တစ်ယောက်ပါ။

နယ်သာလန်လက်ရွေးစင် ဟက်ဆယ်ဘိန့်ဟာ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၁ ရက်က ကိုဗင်ထရီကို ၆-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

မာ့ခ်ဗီဒူကာ

လိဒ်စ်ယူနိုက်တက်ရဲ့ဂိုးသွင်းဘုရင် မာ့ခ်ဗီဒူကာကလည်း တစ်ပွဲတည်း ၄ ဂိုးရှင်တစ်ယောက် ဖြစ်ပါတယ်။

သြစတြေးလျလက်ရွေးစင် ဗီဒီူကာဟာ ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်က လီဗာပူးလ်ကို ၄-၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အီလန်ရုတ်သားတွေအတွက် ဂိုးတွေကို တစ်ဦးတည်း ဒိုင်ခံသွင်းယူခဲ့တာပါ။

အွန်နရီ

ဒီတစ်ခေါက် အလှည့်ကျလာသူကတော့ အာဆင်နယ်အသင်းက ပြင်သစ်တိုက်စစ်မှူး သီယာရီအွန်နရီပဲ ဖြစ်ပါတယ်။

အွန်နရီဟာ ၂၀၀၄ ခုနှစ်၊ ဧပြီ ၁၆ ရက်က လိဒ်စ်ကို ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဂန်းနားတွေအတွက် ၄ ဂိုးသွင်းခဲ့တာပါ။

ယာကူဘူ

ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင်နဲ့ အတင်းဝင် အတင်းဖောက် ကစားတတ်တဲ့ ပို့စ်မောက် တိုက်စစ်မှူး ယာကူဘူကလည်း တစ်ပွဲတည်း ၄ ဂိုးရှင်တစ်ယောက်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင် ယာကူဘူဟာ ၂၀၀၄ ခုနှစ်၊ မေလ ၁၄ ရက်က မစ်ဒယ်ဘရော့ကို ၅-၁ ဂိုးနဲ့အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ ပို့စ်မောက်အတွက် ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ဆွမ်ဆီးကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း ၄ ဂိုးထပ်သွင်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဘလက်ဘန်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်

မန်ယူတိုက်စစ်မှူး ဘာဘာတော့ဗ်ကတော့ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က ရက်ဒင်းကို ၆-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲမှာ တစ်ဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဘူလ်ဂေးရီးယားလက်ရွေးစင် ဘာဘာတော့ဗ်ဟာ မန်ယူကို မရောက်သေးဘဲ စပါးနဲ့အတူ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

မန်ယူနဲ့အတူ သမိုင်းသစ်ရေးထိုးခဲ့တဲ့အချိန်က ၂၀၁၀ နိုဝင်ဘာ ၂၇ ရက်ဖြစ်ပြီး ဘလက်ဘန်းကို ၇-၁ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ သရဲနီအတွက် ၅ ဂိုးတိတိ သွင်းနိုင်ခဲ့ပါတယ်။

ဖရန့်လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကလည်း လက်ရှိ ပရီးမီးယားလိဂ် နည်းပြတွေအနက် ဆိုးလ်ရှားလိုပဲ တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်၊ မတ်လ ၁၂ ရက်က ဒါဘီကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ချဲလ်ဆီးအတွက် ၄ ဂိုးသွင်းယူပေးခဲ့တာပါ။

သူဟာ ၂၀၁၀ မတ်လ ၂၇ ရက်က အက်စတွန်ဗီလာကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၄ ဂိုး ထပ်သွင်းခဲ့ပါသေးတယ်။

အာရှာဗင်

အာဆင်နယ်တိုက်စစ်မှူး အာရှာဗင်ဟာ ၂၀၀၉ ခုနှစ်၊ ဧပြီ ၂၁ ရက်က လီဗာပူးလ်နဲ့ ၄ ဂိုးစီ သရေကျတဲ့ အဝေးကွင်းပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ရော်ဘီကိန်း

အိုင်ယာလန်တိုက်စစ်မှူး ရော်ဘီကိန်းကတော့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ဘန်လေကို ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ စပါးအတွက် ၄ ဂိုး သွင်းခဲ့ပါတယ်။

ဂျာမိန်းဒီဖိုး

ရော်ဘီကိန်းက ၄ ဂိုးသွင်းပြီး ၂ လနီးပါးအကြာမှာပဲ နောက်ထပ် စပါးကစားသမားဖြစ်တဲ့ ဂျာမိန်းဒီဖိုးက သမိုင်းဝင်စံချိန်တစ်ခု ထပ်တင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဒီဖိုးဟာ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ဝီဂန်ကို ၉-၁ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ စပါးအတွက် တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

ဝိန်းရွန်နီ

မန်ယူတိုက်စစ်မှူး ဝိန်ရွန်နီကလည်း ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၃ ရက်က ဟားလ်စီးတီးကို ၄ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အိမ်ကွင်းပွဲမှာ သရဲနီတွေအတွက် ဂိုးတွေကို တစ်ဦးတည်း သွင်းယူခဲ့တာပါ။

အဲဒီမတိုင်ခင်က ရွန်နီဟာ ဟက်ထရစ် ၂ ကြိမ် သွင်းယူနိုင်ခဲ့ပါသေးတယ်။

လူးဝစ်ဆာဟာ

ပြင်သစ်လက်ရွေးစင် လူးဝစ်ဆာဟာကတော့ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ဘလက်ပူးလ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အိမ်ရှင် အဲဗာတန်အသင်းအတွက် ၄ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

အီဒင်ဂျက်ကို

မန်စီးတီးတိုက်စစ်မှူး အီဒင်ဂျက်ကိုကတော့ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၂၈ ရက်က စပါးကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲမှာ မန်ချက်စတာသားတွေအတွက် ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဇ်

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကတော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က နောရစ်ချ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ လီဗာပူးလ်အတွက် ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။

အဂွဲရိုး

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကတော့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က စပါးကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

နောက်တစ်နှစ်နီးပါးအကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်က နယူးကာဆယ်ကို အိမ်ကွင်းမှာ ၆-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၅ ဂိုးသွင်းကာ သမိုင်းဝင်မိုင်တိုင်တစ်ခု ထပ်မံစိုက်ထူခဲ့ပါတယ်။

ဒါ့အပြင် အဂွဲရိုးဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က လက်စတာကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာလည်း ၄ ဂိုး ထပ်သွင်းခဲ့ပါသေးတယ်။

ဝိုင်နယ်ဒမ်

နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒမ်ဟာ နယူးကာဆယ်မှာ ကစားနေစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က နောရစ်ချ်ကို ၆-၂ ဂိုးနဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လူကာကူ

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကလည်း ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ဘုန်းမောက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အဲဗာတန်အတွက် ၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

ဟယ်ရီကိန်း

၂၀၁၇ မေလ ၁၈ ရက်မှာတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်စတာဘက်ကို တစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့ပါတယ်။

အဆိုပါပွဲမှာ ဧည့်သည်စပါးက အိမ်ရှင်လက်စတာကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဆာလက်

လီဗာပူးလ်တိုက်စစ်မှူး ဆာလက်ကတော့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်က ဝက်ဖို့ဒ်ကို ၅ ဂိုးပြတ်အနိုင်ရတဲ့ အိမ်ကွင်းပွဲမှာ ၄ ဂိုး သွင်းခဲ့ပါတယ်။

အန်တိုနီယို

ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုကလည်း ၂၀၂၀ ဇူလိုင် ၁၁ ရက်က နောရစ်ချ်ကို ၄ ဂိုးပြတ် အနိုင်ရတဲ့ အဝေးကွင်းပွဲမှာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

Facebook Comments Box
Facebook Comment