ပရီးမီးယားလိဂ်ဖလားရရှိရေး ယူနိုက်တက် ပရိသတ်များ နှစ် ၂၀ အထိ စောင့်ဆိုင်းရမည်ကို ဂစ် စိုးရိမ်နေ

ရိုင်ယန်ဂစ်က ပရီးမီးယားလိဂ်ဖလား ရရှိ‌ရေးအတွက် နှစ်ပေါင်း ၂၀ အထိ မန်ချက်စတာယူနိုက်တက် စောင့်ဆိုင်းရမည်ကို စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။ မန်ချက်စတာယူနိုက်တက်သည် ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်၏ နောက်ဆုံးနှစ် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာနိုင်ခဲ့ခြင်း မရှိချေ။

လီဗာပူးသည် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေးအတွက် နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရသည့်အပြင် လက်ရှိအချိန်တွင် တောင့်တင်းသည့် ကလပ်အဖြစ် ရပ်တည်နေသလို မန်စီးတီးကလည်း ရှိနေရာ မန်ချက်စတာယူနိုက်တက်အတွက် ကြီးမားသည့် အတားအဆီးများ ရှိနေသည်။

ဂစ်က “စိုးရိမ်ရတာပေါ့ဗျာ။ ၁၅ နှစ်ကနေ နှစ် ၂၀ အထိ စောင့်ဆိုင်းရနိုင်တယ်။ အထူးသဖြင့် ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ ဆက်ရှိနေရင် ခက်ခဲနေပါလိမ့်မယ်။ သူတို့မှာ အရင်းအမြစ်တွေက ရရှိထားပြီး ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက လီဗာပူးအသင်း နောက်ဆုံးအကြိမ် ရတုန်းက နောက်တစ်ကြိမ် ရဦးမှာလို့ တွေးကြဦးမှာပါ။ ကလော့ပ်တောင် လေးနှစ်ခွဲအချိန်ယူခဲ့ရပါတယ်။ ရှည်လျားတဲ့ အချိန်ပါ။ ကလော့ပ်ဘာတွေ လုပ်ခဲ့လဲတွေးကြပါဦး။ သူဟာ တစ်နှစ်ပြီးတစ်နှစ် အသင်းကို ပိုကောင်းလာအောင်လုပ်တယ်။ ချန်ပီယံလိဂ်ဖလားရယူပေးတယ်။ ဒီလို တိုးတက်နေလို့လည်း ဖိအားကအနည်းငယ်လျှော့သွားတယ်”ဟု ပြောကြားသွားသည်။

ရိုင်ယန်ဂစ်သည် မန်ချက်စတာယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ရရှိထားသည်။

ဆိုးလ်ရှားဦးဆောင်သည့် မန်ချက်စတာယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် အထနှေးလျက်ရှိပြီး အမှတ်ပေးဇယားအဆင့် ၁၅ နေရာ၌ ရပ်တည်နေသည်။

Facebook Comments Box
Facebook Comment