ပရီးမီးယားလိဂ်နှင့် ပယ်နယ်တီ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့ ပါတယ်။ ပထမဆုံး နေ့မှာ ပွဲစဉ် ၄ ပွဲသာ ယှဉ်ပြိုင်ခဲ့တဲ့ အနက် လက်ရှိ ချန်ပီယံ လီဗာပူးလ်နဲ့ တန်းတက် လိစ်ဒ်တို့ရဲ့ ပွဲဟာ အကြိတ်အနယ် အရှိဆုံး ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်က ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် သူတို့ သွင်းဂိုးတွေထဲမှာ ပယ်နယ်တီ ၂ ဂိုးအထိ ပါရှိခဲ့တာက ပြိုင်ဘက် ပရိသတ်တွေ လှောင်ပြောင် ချင်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ 

တကယ်တော့ ပရီးမီးယားလိဂ် သမိုင်းမှာ အခုလို ဖြစ်ရပ်က ဘာမှ မထူးဆန်းတဲ့ သာမန် ဖြစ်ရပ်တစ်ခုသာ ဖြစ်ပြီး ပယ်နယ်တီနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် တခြား အဖြစ်အပျက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အဖြစ်တွေ ထဲက ပယ်နယ်တီနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား မှတ်တမ်း တစ်ချို့ကို စုစည်းတင်ပြ လိုက်ရပါတယ်။

ပယ်နယ်တီ အရဆုံးအသင်း

၂၀၀၂ ခုနှစ်က စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ပယ်နယ်တီ ကန်သွင်းမှု စုစုပေါင်း ၂၂၁၂ ကြိမ် ရှိခဲ့ပြီး အဲဒီထဲမှာ ပယ်နယ်တီ အကြိမ်ရေ အများဆုံး ရခဲ့ဖူးတဲ့ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပယ်နယ်တီ စုစုပေါင်း ၁၀၉ ကြိမ် အထိ ရခဲ့ဖူးပြီး ၈၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာလည်း ပယ်နယ်တီ ၁၄ ဂိုးအထိ ရခဲ့ဖူးပြီး တစ်ရာသီအတွင်း ပယ်နယ်တီ အများဆုံး ရတဲ့အသင်း အဖြစ်လည်း စံချိန်တင်ခဲ့ ပါတယ်။ ပယ်နယ်တီ ဒုတိယ အများဆုံး ရတဲ့အသင်း ကတော့ လီဗာပူးလ် ဖြစ်ပြီး စုစုပေါင်း ၁၀၈ ဂိုး ရထားပါတယ်။

ပင်နယ်တီ အသွင်းနိုင်ဆုံး ကစားသမား

ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် ပယ်နယ်တီကနေ ဂိုးအများဆုံး ရခဲ့ဖူးတဲ့ ကစားသမား ကတော့ လက်ရှိ ချယ်လ်ဆီး နည်းပြ ဖြစ်နေတဲ့ ဖရန့်လမ်းပတ် ဖြစ်ပါတယ်။ လမ်းပတ်ဟာ ပယ်နယ်တီ ကန်သွင်းခွင့် အကြိမ် ၅၀ အထိ ရခဲ့ဖူးပြီး အဲဒီထဲက ၄၃ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် လမ်းပတ်ရဲ့ ပယ်နယ်တီ သေချာမှု ရာခိုင်နှုန်းဟာ ၈၆ ရာခိုင်နှုန်း အထိ ရှိပါတယ်။ တကယ်တမ်းမှာ လမ်းပတ်ထက် ပယ်နယ်တီဂိုး ပိုများတဲ့ ကစားသမားက ၅၆ ဂိုးအထိ သွင်းထားတဲ့ အလန်ရှီးယား ဖြစ်ပေမယ့် ပရီးမီးယားလိဂ် အဖြစ် မပြောင်းလဲခင်က သွင်းခဲ့တဲ့ ဂိုးတွေပါ ပါဝင်နေလို့ ဂိုးအများဆုံး သတ်မှတ်မခံရတာ ဖြစ်ပါတယ်။

ပယ်နယ်တီ အကာကွယ်နိုင်ဆုံး ဂိုးသမား

ပရီးမီးယားလိဂ် ဂိုးသမားတွေ ထဲမှာ ပယ်နယ်တီကို အကြိမ်ရေ အများဆုံး ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ၂ ဦး ရှိပါတယ်။ အဲဒီဂိုးသမား တွေကတော့ ပယ်နယ်တီ ၉ ကြိမ်စီ ကာကွယ်ထားတဲ့ လက်ရှိ ဝက်ဖို့ဒ် ဂိုးသမား ဟူရယ်ညို ဂိုမီစ်နဲ့ အနားယူသွားပြီ ဖြစ်တဲ့ အင်္ဂလန် ဂိုးသမား ရောဘတ်ဂရင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် အဖြစ် မပြောင်းလဲခင်က ရာသီတွေကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ပယ်နယ်တီ အကြိမ်ရေ အများဆုံး ကာကွယ်နိုင်တဲ့ ဂိုးသမားက ၁၃ ကြိမ်အထိ ကာကွယ်နိုင်ခဲ့တဲ့ ဒေးဗစ်ဆီးမန်း ဖြစ်ပါတယ်။

ပယ်နယ်တီပြစ်ဒဏ် အကျူးလွန်ဆုံး ကစားသမား

တစ်ချို့ ခံစစ် ကစားသမား တွေဟာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို စွမ်းစွမ်းတမံ ကာကွယ်ရင်း မမျှော်လင့်ဘဲ ပယ်နယ်တီ ပေးရမယ့် ပြစ်ဒဏ်တွေ ကျူးလွန်မိတတ် ပါတယ်။ ဒီလို ကျူးလွန်မိတတ် သူတွေထဲမှာ အကြိမ်ရေ အများဆုံး အဖြစ် မှတ်တမ်းဝင်တဲ့ ကစားသမား ကတော့ စတုတ်စီးတီး ကစားသမား ရိုင်ယန် ရှောခရော့စ် ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီက ထွက်ပေါ် လာခဲ့တဲ့ ရှောခရော့စ်ဟာ လက်ရှိ ချန်ပီယံရှစ် ကလပ် စတုတ်စီးတီးမှာ ကစားရင်း သူ့ကြောင့် ပယ်နယ်တီ ၁၁ ကြိမ်တိတိ ပေးခဲ့ရပါတယ်။ သူ့ရဲ့ စံချိန်ကို အနီးဆုံး ကပ်လိုက်နိုင်တဲ့ ကစားသမား ကတော့ လက်ရှိ လိုင်လီ အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ ကစားသမား ဂျိုဆေးဖွန်တီ ဖြစ်ပြီး သူ ပရီးမီးယားလိဂ်မှာ ကစားခဲ့စဥ်က သူ့ကြောင့် ပယ်နယ်တီ ၁၀ ကြိမ်တိတိ ပေးခဲ့ရပါတယ်။

Facebook Comments Box
Facebook Comment