ပရီးမီးယားလိဂ်ကလပ်များမှ လေးဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

ပရီးမီးယားလိဂ်ကလပ်များမှ လူ ၄ ဦးမှာ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ပြုလုပ်ရာ၌ ကူးစက်ခံထားရသူ ၄ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်သည် စက်တင်ဘာလ ၇ ရက်နေ့ တနင်္လာနေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့ တနင်္ဂနွေအထိ ပရီးမီးယားလိဂ်ကလပ်များမှ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ စုစုပေါင်း ၂၁၃၁ ဦးတို့ကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံထားရမှုရှိ/မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ပရီးမီးယားလိဂ်သည် ကူးစက်ခံထားရသည့် သူများမှာ မည်သည့်ကလပ်မှ မည်သူ ဖြစ်သည်ကို ထုတ်ပြန်ကြေညာသွားခဲ့ခြင်း မရှိချေ။ အဆိုပါ လူလေးဦးတို့မှာ ၁၀ ရက်တိုင်တိုင် နေအိမ်ကွာရန်တေး နေထိုင်ရမှာ ဖြစ်ပြီး ရောဂါပျောက်ကင်းကြောင်း စစ်ဆေးတွေ့ရှိချိန်တွင်မှ အသင်းနှင့် ပြန်လည် ပူးပေါင်းခွင့်ရရှိမည် ဖြစ်သည်။

၂၀၂၀-၂၁ ပရီးမီးယားလိဂ် ရာသီကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့သည်။

ပရီးမီးယားလိဂ်သည် ၂၀၁၉-၂၀ ရာသီတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ လလယ်ပိုင်းတွင် သုံးလနီးပါး ရပ်တန့်လိုက်ရပြီးနောက် ဇွန်လတွင် ပြန်လည်စတင်ကာ ရာသီဆုံးသည်အထိ ကစားခဲ့သည်။

ဗြိတိန်အစိုးရက ပရီးမီးယားလိဂ်ကလပ်များအား လာမည့် အောက်တိုဘာလ ၁ ရက်နေ့အထိ ကွင်းအတွင်း ပရိသတ် မပါဝင်ဘဲ ကစားရန် ကြေညာထားသည်။ ဗြိတိန်အစိုးရသည် အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကို ပြန်လည်သုံးသပ်မှု ပြုလုပ်ကာ ကြေညာချက် ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment