ပရီးမီးယားလိဂ်ကလပ်တစ်ခုစီတိုင်းမှာ ဘယ်သူတွေကို ပင်နယ်တီကန်ဖို့ ရွေးချယ်ထားသလဲ?

မနေ့ညတုန်းက ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲမှာ ချဲလ်ဆီးရဲ့ဒုတိယမြောက်ပင်နယ်တီနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တာ ပရိသတ်တွေလည်း သိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။

ချဲလ်ဆီးက ၃-၀ ဂိုးဖြင့် အနိုင်ရရှိနေတဲ့အချိန်မှာ ချဲလ်ဆီးတို့ ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို အေဘရာဟမ်က ကန်ဖို့ ပြင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းခေါင်းဆောင်အက်ဇ်ပီလီကူတာက အေဘရာဟမ်ကို ပင်နယ်တီ ကန်ခွင့်မပေးခဲ့ဘဲ ပင်နယ်တီ ကန်ဖို့ နံပါတ်တစ် ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ ဂျော်ဂျင်ဟိုကိုဘဲ ကန်စေခဲ့ပါတယ်။ တကယ်တော့ ဂျော်ဂျင်ဟိုက ချဲလ်ဆီးအတွက် ပင်နယ်တီကနေ တစ်ဂိုးသွင်းထားပြီးသူ ဖြစ်ပါတယ်။ အေဘရာဟမ်က ပင်နယ်တီ ကန်သွင်းပြီး ဂိုးလိုချင်ခဲ့တာကြောင့် ပင်နယ်တီကန်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့် ကလပ်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းဘဲ အက်ဇ်ပီလီကူတာက ဂျော်ဂျင်ဟိုကိုဘဲ ကန်စေခဲ့ပါတယ်။

တကယ်တော့ ပရီးမီးယားလိဂ်ကလပ်တိုင်းမှာ ပင်နယ်တီ ရလာရင် ဘယ်သူ့ကို ပင်နယ်တီကန်စေမယ်ဆိုတာ ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပင်နယ်တီ ကန်ဖို့ ရွေးချယ်ခံထားရသူ ကွင်းထဲမှာ မရှိတဲ့အခါမျိုး၊ ဟက်ထရစ် ရနိုင်တဲ့အခွင့်အရေးရှိနေတာမျိုး၊ ပင်နယ်တီကန်ဖို့ ရွေးချယ်ခံထားရသူက ပင်နယ်တီကန်ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်တဲ့အခါမျိုးမှာဘဲ ဒုတိယဦးစားပေး(သို့မဟုတ်) အခြားတစ်ဦးက ကန်ခွင့်ရတာပါ။

ဒါကြောင့် အခု ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေက ဘယ်သူ့ကို ပင်နယ်တီကန်ဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားသလဲ။ ဘယ်သူ့ကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားသလဲ တင်ပြသွားပါမယ်။

ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်မှာ အသင်းခေါင်းဆောင် အူဘာမီယန်ကို ပင်နယ်တီကန်ဖို့ ဦးစားအဖြစ် ရွေးချယ်ထားပြီး လာကာဇက်တီကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။ မန်ယူအသင်းမှာ ဦးစားပေးအဖြစ် ဘရူနိုဖာနန်ဒက်စ်ကို ရွေးချယ်ထားပြီး ဒုတိယဦးစားပေးအဖြစ် မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ရွေးချယ်ထားပါတယ်။ ချဲလ်ဆီးအသင်းမှာ ဂျော်ဂျင်ဟိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားကာ တီမိုဝါနာကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။ မန်စီးတီးအသင်းမှာ ပင်နယ်တီကန်ဖို့ ကီဗင်ဒီဘရိုင်းကို ရွေးချယ်ထားပြီး ဒုတိယဦးစားပေးအဖြစ် စတာလင်း၊ အဂူရိုတို့ကို ရွေးချယ်ထားပါတယ်။ လီဗာပူးမှာ မိုဟာမက်ဆာလာကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ဒုတိယဦးစားပေးအဖြစ် ဂျိမ်းစ်မီလ်နာကို ရွေးချယ်ထားပါတယ်။

Facebook Comments Box
Facebook Comment