ပရိသတ်များအား ကွင်းထဲ ဝင်ခွင့်ပေးဦးမည်မဟုတ်သေးဟု အီတလီဝန်ကြီးချုပ် ကွန်တီ ပြောကြား

အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီသည် လာမည့် ၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်တွင် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူများအား ကွင်းအတွင်း ဝင်ရောက် ကြည့်ခွင့်ပေးရန် တောင်းဆိုနေမှုများအား ပယ်ချလိုက်သည်။

နာပိုလီ၊ ပါးမား၊ ဆမ်ဒိုးရီးယားတို့သည် လာမည့် ၂၀၂၀-၂၁ ရာသီတွင် ကွင်းအတွင်းသို့ ပရိသတ် ဝင်‌ရောက် ကြည့်ခွင့်ရရှိရေး စမ်းသပ်သည့်အနေဖြင့် ယခု နွေရာသီ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုနှင့် ခြေစမ်းပွဲစဉ်များအား ပရိသတ် ၁၀၀၀ လာ ရောက်ကြည့်စေလျက်ရှိသည်။ ယင်းကလပ်များ၏ စမ်းသပ်လုပ်ဆောင်မှု အောင်မြင်နေမှုနှင့်အတူ စီးရီးအေကလပ်တို့သည် လာမည့် ၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်တွင် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူများကိုသာ သီးသန့် ဝင်ရောက်ကြည့်ခွင့်ပေးရန် တောင်းဆိုလျက်ရှိကြသည်။

စီးရီးအေကလပ်များက ဝင်ရောက်ကြည့်ရှုသူများ အားလုံးကို နှာခေါင်းစည်း တပ်စေခြင်း၊ ပရိသတ်တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင် ထိုင်စေ ခြင်းတို့ ပြုလုပ်ရန် စီစဉ်ထားသည်။

စကူဒက်တိုဖလား ကိုးကြိမ်ဆက် ဆွတ်ခူးထားနိုင်သည့် ဂျူဗင်တပ်သည် ဆမ်ဒိုးရီး ယားနှင့် စီးရီးအေအဖွင့်ပွဲအား ပရိသတ်များ ဝင်ရောက်ကြည့်ခွင့်ရရှိရေးအတွက် တရားဝင် တောင်းဆိုမှု ပြုလုပ်ထားသည်။

သို့ရာတွင် အီတလီဝန်ကြီးချုပ်ကွန်တီက “အနီးကပ်ထိတွေ့နိုင်တဲ့ ကွင်းတစ်ခု (သို့မဟုတ်)လူစုလူဝေး များတဲ့ပွဲတွေကို တက်ရောက်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပါတယ်။ ကွင်းအဝင်/အထွက်မှာလည်း အဆင်မပြေပါဘူး”ဟု Ii Fatto သတင်းစာသို့ ပြောကြားသွားသည်။

အီတလီနိုင်ငံအတွင်းတွင် နေ့စဉ် COVID-19 ကူးစက်ခံနေ ပမာဏမှာ မြင့်တက်လျက်ရှိနေပြီး မတ်လတုန်းက အဆိုးရွားဆုံး ကူးစက်ခဲ့သည့် ကာလတုန်းက ကူးစက်မှု မြန်နေသည်ဟု ယူဆခြင်းခံနေရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်းတွင် အီတလီတွင် COVID-19 သေဆုံးသူ ၁၁ ဦးအထိ ရှိခဲ့ပြီး ကူးစက်ခံရသူအသစ် ၁၇၃၃ ဦးအထိ ရှိခဲ့ပြီး ၁၀၂ ဦးမှာ ရောဂါလက္ခဏာပြကာ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရသည်။ ယခုကူးစက်နေသည့် COVID-19 မှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်တုန်းက COVID-19 လောက် ပြင်းထန်မှု မရှိမှုနှင့်အတူ ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူရသည့် လူပမာဏမှာ အလွန်နည်းပါးနေသည်။ ကူးစက်ခံရသူအများစုမှာ နေအိမ်တွင် သီးသန့်နေထိုင်ပြီးနောက် ရောဂါပျောက်ကင်းသွားကြသည်။

Technical Scientific Committee(CTS) သည် အီတလီနိုင်ငံတွင် ရောဂါကူးစက်မှု အခြေအနေကို ဆန်းစစ်မှုများ ပြုလုပ်နေပြီး ဂျူဗင်တပ်-ဆမ်ဒိုးရီးယားပွဲစဉ်အား ပရိသတ်များ ဝင်ရောက် ကြည့်ခွင့်ပေးဖွယ် မရှိချေ။

အီတလီနိုင်ငံတွင် ယခုလအတွင်းတွင် ကျောင်းများ ပြန်ဖွင့်ရန် စီစဉ်နေသော်လည်း ဖြေလျော့မှုများကြောင့် COVID-19 ဒုတိယလှိုင်း ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေသည်။

Facebook Comments Box
Facebook Comment