
ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကွန်မြူနတီဒိုင်း ရရှိသွားတဲ့ အာဆင်နယ်
ဝင်ဘလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်ကို ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးနဲ့အနိုင်ယူကာ မကြာခင်စ တင်တော့မယ့် ရာသီသစ်ကို ဖလားတစ်လုံးနဲ့ ကြိုဆိုလိုက်ပါတယ်။
ဂျာဂင်ကလော့ပ်ဟာ မာနေး၊ ဖာမီနို၊ ဆာလက်တို့ကို တိုက်စစ်မှာတင်ကာ ဝိုင်နယ်ဒမ်၊ မီလ်နာ၊ ဗန်ဒိုက်၊ ရောဘတ်ဆန်တို့နဲ့ လူစုံထုတ်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပါတယ်။
အာတီတာကတော့ အော်ဘာမီယန်၊ ဒေးဗစ်လူးဝစ်ဇ်၊ ရှာကာ၊ ဘယ်လာရင်တို့လို ဝါရင့်တွေနဲ့အတူ ဆာကာ၊ အန်ခီတီယာ၊ မိတ်လန်းနိုင်းစ်၊ တီယာနေး စတဲ့ လူငယ်ကစားသမားတွေကို တွဲ ဖက်အသုံးပြု ခဲ့တာပါ။
လီဗာပူးလ်ဟာ ကွင်းလယ်ပိုင်းအသာစီးရယူကာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ပေမယ့်လည်း တိုက်စစ်မှာ မာနေးတစ်ယောက်သာ လှုပ်ခဲ့ပြီး ဆာလက်၊ ဖာမီနိုတို့က ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်က အော်ဘာမီယန်သွင်းယူတဲ့ အဖွင့်ဂိုးအပါအဝင် ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ်ရှိခဲ့ပေမယ့်လည်း ကြိုးကြာနီတွေကတော့ ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှ ကန် သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ပွဲအစ ၁၂ မိနစ်မှာ ဆာကာရဲ့ဖန်တီးပေးမှုကနေ ဝါရင့်တိုက်စစ်မှူး အော်ဘာမီယန်က ဂိုးဧရိယာစည်းထိပ်ကနေ ဂိုးသမားအလစ်ဆန်ရဲ့ဘယ်ဘက်ထောင့်ထဲ လှလှပပကန်သွင်းကာ အာဆင်နယ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။
လီဗာပူးလ်က အဖွင့်ဂိုးပေးခဲ့ရပြီးတဲ့နောက် တရစပ်တိုက်စစ်ဆင်ပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းခဲ့သလို အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ရဲ့အဝင်အထွက်မှန်မှန် ကာကွယ်မှုတွေကြောင့် အချည်းနှီး ဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ကလော့ပ်က ခြေစွမ်းမပြနိုင်တဲ့ မီလ်နာ၊ ဝီလျံတို့အစား ကီတာနဲ့ မီနာမီနိုတို့ကိုထည့်ကာ တိုက်စစ်မြှင့်ခဲ့တာကြောင့် ကစားကွက်စီးလာခဲ့ပြီး အော်ဘာမီယန်ကို အားထားက စားနေရတဲ့ အာဆင်နယ်ကတော့ ရံဖန်ရံခါမှသာ ထိုးဖောက်နိုင်ခဲ့ပါတယ်။
၇၃ မိနစ်မှာ မီနာမီနိုနဲ့ဆာလက် ဝမ်းတူးတွဲလုံးကို အာဆင်နယ်နောက်ခံလူ ဆိုအာရက်စ်တားဆီးဖို့ ကြိုးစားစဉ် သူ့လက်နဲ့ထိထွက်လာတဲ့ ဘောလုံးကို ဂျပန်တိုက်စစ်မှူး မီနာမီနိုက အလိုက်သင့်ကန်သွင်းကာ လီဗာပူးလ်အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ အာဆင်နယ် က ၅ ဂိုးစလုံးဝင်ပြီး လီဗာပူးလ်တိုက်စစ်မှူး ဘရူးစတားကန်တဲ့ တတိယပင်နယ်တီက ဂိုးဘားတန်းထိထွက်ခဲ့တာကြောင့် အာဆင်နယ်က ကွန်မြူနတီဒိုင်းကို ၁၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လူစာရင်း
လီဗာပူးလ်
အလစ်ဆန်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဂျိုးဂိုမက်ဇ်၊ ဝီလျံ(မီနာမီနို-၅၉)၊ မီလ်နာ(ကီတာ-၅၉)၊ ဝိုင်နယ်ဒမ်(ဘရူးစတား-၉၀)၊ ဖာဘင်ညို၊ ဖာမီနို(ကာတစ်ဂျုံးစ်-၈၃)၊ ဆာလက်၊ မာနေး
အာဆင်နယ်
မာတီနက်ဇ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ဘယ်လာရင်(ဆိုအာရက်စ်-၅၈)၊ တီယာနေး(ကိုလာဆီနက်-၈၃)၊ ဟိုလ်ဒင်း၊ ရှာကာ၊ အယ်နီနီ၊ မိတ်လန်းနိုင်းစ်၊ ဆာကာ(ဝယ်လော့ခ်-၈၂)၊ အော်ဘာမီယန်၊ အန်ခီတီယာ(နယ်ဆင်-၈၂)
ပင်နယ်တီကန်သွင်းမှု
လီဗာပူးလ်
⚽️ ဆာလက်(ဝင်)
⚽️ ဖာဘင်ညို(ဝင်)
❌ ဘရူးစတား(လွဲ)
⚽️ မီနာမီနို(ဝင်)
⚽️ ကာတစ်ဂျုံးစ်(ဝင်)
အာဆင်နယ်
⚽️ နယ်ဆင်(ဝင်)
⚽️ မိတ်လန်းနိုင်းစ်(ဝင်)
⚽️ ဆိုအာရက်စ်(ဝင်)
⚽️ ဒေးဗစ်လူးဝစ်ဇ်(ဝင်)
⚽️ အော်ဘာမီယန်(ဝင)