ပင်နယ်တီ ဆက်ကန်သွားမည့် အပြင် လက်ရွေးစင်မှ အနားယူရန် ရာမို့စ် အစီအစဉ်မရှိ

ဆာဂျီယိုရာမို့စ်က ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် ပင်နယ်တီ နှစ်ကြိမ် လွဲချော်ခဲ့သော်လည်း စပိန်၏ ပင်နယ်တီကန်သွင်းသည့် တာဝန်ကို ဆက်လက် ရယူသွားဦးမည် ဖြစ်ကြောင်းနှင့် စပိန်လက် ရွေးစင်ကစားသမားဘဝမှ အနားယူရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားလိုက်သည်။

ရာမို့စ်သည် ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် စပိန်အတွက် ၁၇၇ ပွဲကို ကစားခဲ့ပြီး အီတလီဂန္ထဝင်ဂိုးသမားဘူဖွန်ကို ကျော်ဖြတ်ကာ ဥရောပတွင် နိုင်ငံတကာပွဲ အများဆုံးကစားထားသည့် ကစားသမား ဖြစ်လာခဲ့သည်။ သို့ရာတွင် သူသည် စံချိန်သစ် ရေးထိုးနိုင်သည့် ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် ပင်နယ်တီနှစ်ကြိမ်အထိ လွဲချော်ခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်သည် ကလပ်နှင့်နိုင်ငံအတွက် ၂၅ ကြိမ်ဆက် ပင်နယ်တီ ဝင်အောင် သွင်းနိုင်ပြီးနောက် တစ်ပွဲတည်းတွင် ပင်နယ်တီ နှစ်ကြိမ် လွဲခဲ့ခြင်းလည်း ဖြစ်သည်။

ရာမို့စ်က “နောက်ထပ် ပင်နယ်တီ ရလာရင် ကျွန်တော်ဘဲ ကန်ပါဦးမယ်။ တကယ်လို့များ ကန်ခွင့် မပေးဘူးဆိုရင်တော့ မကန်တော့ပါဘူး”ဟု ပြောကြားသွားသည်။

စပိန်နည်းပြလူးဝစ်အန်းနရစ်က စပိန်အသင်း၏ ပင်နယ်တီ ဦးစားပေးကန်သွင်းသူအဖြစ် ရာမို့စ် ဆက်ရှိနေမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

စပိန်သည် ယနေ့ညတွင် ဆဗီးလ်၌ ဂျာမနီကို ဧည့်ခံကစားရမည် ဖြစ်သည်။ စပိန်အနေဖြင့် နေးရှင်းလိဂ် အုပ်စု A4 တွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ရန် နိုင်ပွဲ ရရှိရန် လိုအပ်နေသည်။

အသက် ၃၄ နှစ်ရှိ ရာမို့စ်က “ဘူဖွန်လို ဂန္ထဝင်တစ်ဦးကို ကျော်ဖြတ်နိုင်ခဲ့တာ ဂုဏ်ယူစရာပါ။ ကိုယ့်ကိုယ်ကိုလည်း ထိပ်တန်းအဆင့်မှာ မကစားတော့ဘူးလို့လည်း မတွေးပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment