ပင်နယ်တီလွဲတိုင်း ဖခင်က ဝေဖန်လေ့ရှိဟု ဖာနန်ဒက်စ် ပြောကြား

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူ၏ မိသားစုဝင်များသည် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန် အမြဲတမ်း တွန်းအားပေးလေ့ရှိကြောင်း ပြောကြားလိုက်သည်။

အထူးသဖြင့် ပင်နယ်တီ လွဲချော်လျှင် ဖခင်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လေ့ရှိပြီး ထိုသို့ပြုလုပ်ခြင်းက မိမိအား ပိုမိုကောင်းမွန်သည့် ကစားသမားတစ်ဦးအဖြစ် ရောက်ရှိစေသည်ဟု ပေါ်တူဂီလက်ရွေးစင်က ပြောသည်။

အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်သည် နယူးကာဆယ်အား ၄-၁ ဂိုးဖြင့် အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ် ၅ တွင် ပွဲပြီးခါနီး ၄ မိနစ်အလို၌ တစ်ဂိုးသွင်းခဲ့သော်လည်း ပွဲချိန် ၅၈ မိနစ်တွင် ရရှိသော ပင်နယ်တီကိုမူ ဝင်အောင်ကန်နိုင်ခြင်း မရှိပေ။

ပင်နယ်တီကန်သွင်းရာတွင် အမှားအယွင်း မရှိသူအဖြစ် နာမည်ကြီးသော ဖာနန်ဒက်စ် အတွက် နယူးကာဆယ်နှင့်ပွဲ၌ ကန်သွင်းသည့် ပင်နယ်တီက ယူနိုက်တက်တွင်ကစားစဉ် ပထမဆုံးလွဲချော်သည့် ပင်နယ်တီဂိုးလည်း ဖြစ်ခဲ့သည်။

“နယူးကာဆယ်ပွဲအပြီး အဖေက ကျွန်တော့်ဆီ မက်ဆေ့ချ်တစ်စောင် ပို့လာတယ်။ သူ အဲလိုမျိုး တစ်ခါမှ မပို့ဖူးဘူး။ ပွဲပြီးတိုင်း ကျွန်တော့်ဆီ ဖုန်းဆက်နေကျပဲ။ မက်ဆေ့ချ် မှာ ဘာရေးထားသလဲဆိုတော့ မင်းရဲ့သွင်းဂိုးအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး ပင်နယ်တီကို ဘယ်လိုကန်ရသလဲဆိုတာ ရှင်းပြမယ်တဲ့။

ဒါကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော်က ၁၁ လုံးမှာ တစ်ဂိုးပဲ လွဲတာနော်။ အဲဒါကို လည်း ပြောဦးလေလို့ ပြန်ရေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဖေဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပင်နယ်တီ တစ်ခါမှ မသွင်းဖူးဘူး။

ဒါပေမဲ့ ဒီလို အခြေအနေမျိုးက ခင်ဗျားကို ပိုပြီးတိုးတက်လာအောင် ကူညီပေးတယ်လေ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့နောက်မှာ လူတွေရှိနေတယ်။ သူတို့က ခင်ဗျားဆီကနေ အမြဲတမ်း ထပ်ထပ်ပြီး တောင်းဆိုနေကြတယ်” ဟု ဖခင်ဖြစ်သူ၏ အကြောင်းကို ဖာနန်ဒက်စ်က ပြောသည်။

Ref:manutd

Facebook Comments Box
Facebook Comment