ပင်နယ်တီများစွာ ပေးခဲ့ရပြီးနောက် လက်ထိဘော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပရီးမီးယားလိဂ်စီစစ်တည်းဖြတ်

ပရီးမီးယားလိဂ်သည် ယခုရာသီ အစပိုင်းတွင်ပင် လက်ထိဘောမှ ပင်နယ်တီ ပေးရမှု များပြားနေမှုကြောင့် လက်ထိဘောဥပဒေအား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို စီစစ်တည်းဖြတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်များသည် ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးပွဲ၌ ယခုရာသီ ပွဲစဉ် ၃ သို့သာ ရောက်ရှိနေသေးချိန်တွင် လက်ထိဘောမှ ပင်နယ်တီ ခြောက်ကြိမ်အထိ ပေးခဲ့ရမှုအပေါ် အကျယ်တဝင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

ပရီးမီးယားလိဂ်သည် ယခုရာသီတွင် စတင်ကျင့်သုံးသည့် လက်ထိဘောဥပဒေသစ် နှင့်ပတ်သက်၍ ကစားသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများထံမှ တုံ့ပြန်ချက်များ ရရှိထားပြီးလည်း ဖြစ်သည်။

ပရီးမီးယားလိဂ်သည် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ချုပ်က ချမှတ်ထားသည့် စည်းမျဉ်းကို ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း လက်ထိဘော ဥပဒေကို စီစစ်တည်းဖြတ်မှု ပြုလုပ်ကာ ဒိုင်လူကြီးများအနေဖြင့် သက်ညှာစွာ ဆုံးဖြတ်နိုင်ရန် ပြုလုပ်ခဲ့သည်။

ပရီးမီးယားလိဂ်၏လက်ထိဘောဥပဒေ လမ်းညွှန်ချက်အသစ်အရ ဒိုင်လူကြီးများအနေဖြင့် ကစားသမားနှင့် ဘောလုံးနှင့် အကွာအဝေး၊ လက်အနေအထား၊ ကစားသမား၏ တုံ့ပြန်ချိန်တို့ကို ထည့်တွက် စဉ်းစားကာ လက်ထိဘောအဖြစ် သတ်မှတ်/မသတ်မှတ်ကို ဆုံးဖြတ်နိုင်သည်။

လက်ထိဘောဥပဒေစီစစ်တည်းဖြတ်မှုအရ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်၏ တုံ့ပြန်ချိန် သိပ်မရဘဲ လက်ထိ ဘောဖြစ်ရာမှ ပင်နယ်တီပေးခဲ့သည့် အဖြစ်အပျက်မျိုးမှာ နောင်တွင် ဖြစ်လာတော့မည်မဟုတ်ချေ။

သို့ရာတွင် ကစားသမား၏လက်မှာ ဂိုးရနိုင်သည့် ကန်ချက်နှင့် ဖြတ်တင်ဘော ပြုလုပ်မှုမှ ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့သည့် အနေအထားတွင် ရှိနေပါက ပင်နယ်တီပေးလာမည်ဖြစ်သည်။ ထို့အပြင် လက်ကို ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းခြင်းတို့မှ လက်ထိဘောကိုလည်း ပင်နယ်တီအဖြစ် သတ်မှတ်ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် တနင်္ဂနွေနေ့တုန်းက စပါး်စနှင့်ပွဲစဉ်တွင် အင်ဒီကာရိုးလ်၏ခေါင်း တိုက်ချက် ဒီရာ၏လက်ကို ထိရာမှ ပေးခဲ့သည့် ပင်နယ်တီမှာ ပြင်ဆင်မှုသစ်အရ ပင်နယ်တီ ဖြစ်နေဆဲ ဖြစ်သည်။

Facebook Comments Box
Facebook Comment