နွေရာသီ အပြောင်းအရွှေ့ပြဿနာကို အတိတ်တွင် မက်ဆီ ချန်ထားခဲ့ပြီ

ဘာစီလိုနာစူပါစတား လီယွန်နယ်မက်ဆီက နွေရာသီအပြောင်းအရွှေ့ပြဿနာကို အတိတ်တွင် ချန်လှပ်ထားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအတွက် အကောင်းဆုံး ဖြစ်ရန်သာ အမြဲ လုပ်ဆောင်ခဲ့ကြောင်း ဘာစီလိုနာ ပရိသတ်များကို ပြောကြားလိုက်သည်။

ပြီးခဲ့သည့်လတုန်းက လီယွန်နယ်မက်ဆီသည် စာချုပ်ပါအချက်အတိုင်း အလွတ်ပြောင်းရွှေ့ခွင့်ပေးရန် ဘာစီလိုနာထံသို့ တောင်းဆိုခဲ့သည်။

သို့ရာတွင် ဘာစီလိုနာက စာချုပ်ပါ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်သည့် အချက်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်၍ ထွက်ခွာပါလိုက စာချုပ်ပါအချက် အတိုင်း ယူရိုသန်း ၆၀၀ ပေးရမည်ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

နောက်ပိုင်းတွင် မက်ဆီက ဘာစီလိုနာနှင့် တရားရုံးတွင် ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိ၍ ထွက်ခွာရေး ကြိုးပမ်းမှုကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

မက်ဆီသည် ဘာစီလိုနာနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ရာ အနာဂတ်မှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

Sport နှင့် အင်တာဗျူးတွင် မက်ဆီက ဘာစီလိုနာပရိသတ်များ စိတ်ပျက်ရအောင် လုပ်ဆောင်ခြင်း မဟုတ်ကြောင်းနှင့် ၎င်းမှာ ကလပ်အတွက် အကောင်းဆုံး ဖြစ်ရေးကိုသာ အမြဲစဉ်းစားလေ့ရှိသူဖြစ်ကြောင်း ပြောကြားလာခဲ့သည်။

မက်ဆီက “ကျွန်တော့်အမှားတွေအတွက် တာဝန်ယူပါတယ်။ ကျွန်တော်တို့ကို အားပေးတဲ့ ပရိသတ်တွေအားလုံး၊ အဖွဲ့အစည်းတွေအားလုံးကို မက်ဆော့ချ်တစ်ခု ပို့ချင်ပါတယ်။ ကျွန်တော် ပြောခဲ့တာ၊ လုပ်ခဲ့တာတွေအတွက် စိတ်ပျက်ခဲ့ရတယ်ဆိုရင်လည်း ကျွန်တော်က ကလပ်ကောင်းဖို့အတွက်ဘဲ လုပ်ခဲ့တယ်ဆိုတာ ယုံကြည်ပေးကြပါ”ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာသည် ပြီးခဲ့သည့်အပတ်က လာလီဂါအဖွင့်ပွဲအဖြစ် ဗီလာရီးရဲလ်နှင့် ရင်ဆိုင်ခဲ့ရပြီး ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအခါ ရာသီသစ် စတင်နေမှုနှင့်အတူ မက်ဆီသည် နွေရာသီတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အားလုံးကို အတိတ်တွင် ချန်ထားခဲ့ကာ ကွင်းအတွင်း အောင်မြင်မှုများ ရယူရေးကိုသာ အပြည့်အဝ စိုက်နေပြီ ဖြစ်သည်။

မက်ဆီက “ဒါတွေ အားလုံးကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံး ရှိနေဖို့ လိုပါတယ်။ အကောင်းဆုံးတွေ ရောက်လာ ပါတော့မယ်လို့ ကတိပြုချင်ပါတယ်။ စိတ်ာအားထက်သန်မှု၊ ချစ်မြတ်နိုးမှုတွေကဘဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ဖြစ်မြောက်လာစေမယ့် တစ်ခုတည်းသော အရာပါ။ အမြဲ စည်းလုံးပြီး တူညီတဲ့ ရည်မှန်းချက်နဲ့ လှော်ခတ်ရပါမယ်”ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာသည် ကြာသပတေးနေ့တွင် ဆဲလ်ဗာဗီဂိုနှင့် လာလီဂါဒုတိယပွဲစဉ် ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment