
နော်တင်ဟမ်နှင့်ပွဲတွင် မကစားနိုင်သူများကို တန်ဟက် ဖွင့်ဟ
ယနေ့ည နော်တင်ဟမ်နှင့်ကစားမည့် ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ-အကျော့တွင် မပါဝင်နိုင်သည့် ကစားသမား ၃ ဦးကို မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပြောသည်။
နောက်ခံလူ ဒီယိုဂိုဒါလော့၊ တောင်ပံကစားသမား ဂျေဒန်ဆန်ချို၊ တိုက်စစ်မှူး အန်ထော်နီမာရှယ်တို့ ပါဝင်နိုင်မည်မဟုတ်ဟု နယ်သာလန်သားက အတည်ပြုသည်။
ထို့ပြင် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်လည်း ပါဝင်နိုင်မည်မဟုတ်ပေ။
သို့သော် သတင်းကောင်းအဖြစ် ကာလရှည်အနားယူနေရသော အဲလက်စ်တွမ်ဇူဘီ၊ ပွဲပယ်ပြစ်ဒဏ် စေ့သွားပြီဖြစ်သည့် ကက်စမီးရိုးတို့ ပြန်လည်ပါဝင်လာမည်ဖြစ်သည်။
ယူနိုက်တက်သည် နော်တင်ဟမ်အား ကျော်ဖြတ်နိုင်ပါက နယူးကာဆယ်-ဆောက်သမ်တန်အတွဲမှ အနိုင်ရသူနှင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
“အာဆင်နယ်နဲ့ပွဲမှာ မပါဝင်နိုင်တဲ့ ဒါလော့၊ ဆန်ချို၊ မာရှယ်တို့ ဒီညပွဲ ကစားနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ နောက်တဆင့်တက်ရောက်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်” ဟု တန်ဟက်က ဖွင့်ဟသည်။
Ref:mirror