နောက်ထပ် ဂိုးများစွာ သွင်းယူရန် ချဲလ်ဆီးစတား ဟာဗတ်ဇ် ပစ်မှတ်ထား

ချဲလ်ဆီး အလယ်တန်း တိုက်စစ်သမား ကိုင်ဟာဗတ်ဇ်သည် ဘန်စလေနှင့် ကာရာဘောင်းဖလားပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် နောက်ထပ် ဂိုးများစွာ သွင်းယူနိုင်ရန် ပစ်မှတ်ထားနေပြီ ဖြစ်သည်။

ဂျာမန်စတားသည် စတမ်းဖို့ဒ်ဘရစ်ချ်၌ ဘန်စလေအား ၆-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်တွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအတွက် ၃ ပွဲ ကစားရာတွင် ၃ ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်သည်။

ဟာဗတ်ဇ်သည် ယခုလအစောပိုင်းတုန်းက လေဗာကူဆင်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းဖြင့် ပြောင်းလာပြီးနောက် အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဟာဗတ်ဇ်က “သုံးဂိုးသွင်းနိုင်လို့ အရမ်းဝမ်းသာ ရပါတယ်။ ဒီကလပ်သို့ ရောက်ခါဘဲ ရှိနေသေးတယ်ဆိုပေမယ့် နောက်ထပ် နောက်ထပ် ဂိုးတွေ အများကြီး သွင်းယူချင်ပါသေးတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ အကောင်းဆုံးလည်း ကြိုးစားသွားပါမယ်။ ဆက်ပြီးတော့ ဒီလိုမျိုး သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဟာဗတ်ဇ်သည် ဘန်စလေနှင့်ပွဲတွင် တိုက်စစ်မှူးအေဘရာဟမ်၏နောက် ကျောနံပါတ် ၁၀ ကစားသမားအဖြစ် ကစားခဲ့ဖြစ်သည်။ သူသည် ဒုတိယနှစ်ဂိုးမှာ အေဘရာဟမ်၏ ဖန်တီးမှုမှ တဆင့် သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။

ဟာဗတ်ဇ်က “သူက အရမ်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးလို့ ထင်ပါတယ်။ ကွင်းထဲမှာ ကျွန်တော်တို့ အရမ်းအတွဲညီပါတယ်။ ဒီပွဲက ကျွန်တော်တို့ ပထမဆုံး အကြိမ် အတူတွဲကစားတာပါ။ ဒါပေမယ့် သူ့ကို တိုက်စစ်မှူးတစ်ဦးအနေနဲ့ အရမ်း ကြိုက်တယ်။ ကျွန်တော်က ကျောနံပါတ် ၁၀ နေရာမှာ ကစားခဲ့ပါတယ်။ သူနဲ့ တွဲ ကစားရတာ ကောင်းပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment