
နောက်တန်း ၂ ဦးနှင့် တိုက်စစ်မှူး ၁ ဦး ခေါ်ရမည်ဟု ယူနိုက်တက်ကို နဗီးလ်တိုက်တွန်း
ယခုနွေရာသီ အပြောင်းအရွှေ့တွင် ပြိုင်ဘက်များလို ကစားသမားသစ် အများအပြား ဖြည့်တင်းခြင်းမရှိသော မန်ချက်စတာ ယူနိုက်တက်ဟု အပြောင်းအရွှေ့ပေါ်လစီကို နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဆိုးရွားသော ခေါ်ယူမှုဟု ဝေဖန်လိုက်သည်။
ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် တတိယနေရာရခဲ့သော ယူနိုက်တက်သည် ယခုနွေရာသီတွင် အေဂျက်စ် ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူထားပြီး အခြား ပြိုင်ဘက်အသင်းများ ထက်စာလျှင် နည်းပါးလွန်းသည်။
နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းရန် ၅ ရက်သာ လိုတော့ချိန်တွင် ယူနိုက်တက်က ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုအပါအဝင် အခြား ကစားသမားများကို ခေါ်ယူမည်ဆိုသော သတင်းများ ထွက်ပေါ်နေ သော်လည်း တရားဝင် ကမ်းလှမ်းခြင်းမျိုး မရှိသေးပေ။
၁၉၉၂ မှ ၂၀၁၁ ခုနှစ်အထိ ယူနိုက်တက်တွင် ကစားခဲ့သော ကပ္ပတိန်ဟောင်း ဂယ်ရီနဗီးလ်က ထိပ်သီး ၆ သင်း စာရင်းဝင် အခြားအသင်းများ၏ ကစားသမား ခေါ်ယူမှုနှင့် နှိုင်းယှဉ်ပါက ယူနိုက်တက်၏ ခေါ်ယူမှုက အလွန် စိတ်ပျက်စရာကောင်းသည်ဟု ဝေဖန်သည်။
ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ၈ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလားနှင့် ချန်ပီယံလိဂ် ၂ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား အလုံး ၂၀ ရယူထားသော နဗီးလ်က အခြားအသင်းများက ဈေးကွက်အတွင်း အလွယ်တကူ လှုပ်ရှားနေချိန်တွင် ယူနိုက်တက်အတွက် ခက်ခဲလျက်ရှိပြီး နည်းပြဆိုးလ်ရှားအတွက် နွေဈေး ကွက် မပိတ်သိမ်းမီ ဘယ်နောက်ခံလူ ၁ ဦး၊ ဗဟိုနောက်ခံလူ ၁ ဦးနှင့် တိုက်စစ်အတွက် ၁ ဦး စုစုပေါင်း ၃ ဦးကို ခေါ်ယူပေးရမည်ဟုလည်း တိုက်တွန်းသည်။
“သူတို့(အုပ်ချုပ်မှုဘုတ်အဖွဲ့)အနေနဲ့ အိုလီ(ဆိုးလ်ရှား)အတွက် ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူ၊ တိုက်စစ် မှူး ၁ ဦးစီကို ဈေးကွက်မပိတ်မီ မဖြစ်မနေ ခေါ်ယူပေးရမှာပါ။ ဒီနေရာတွေကို ဖြည့်ဖို့လိုနေတာက လွန်ခဲ့တဲ့ ၁၂ လလောက်ကတည်းကပါ” ဟု နဗီးလ်က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းသည်။
မန်ယူသည် ယခုနွေဈေးကွက် မပိတ်မီ ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချို၊ ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီ၊ ပေါ်တို ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။
ယခုနွေရာသီ ကြီး ၆ ကြီး၏ ကစားသမား ခေါ်ယူမှု

အာဆင်နယ်
ဂါဘရီရယ် – ပေါင် ၂၇ သန်း(လိုင်လီ)
ရူနာဆန် – ပေါင် ၁.၆ သန်း(ဒီဂျွန်)
ပက်ဘလိုမာရီ – မဖော်ပြ(ဖလာမင်ဂို)
ဝီလျံ – အလွတ်(ချဲလ်ဆီး)
ဆိုအာရက်စ် – အလွတ်(ဆောက်သမ်တန်)
ဆီဘယ်လော့စ် – အဌား(ရီးရဲလ်မက်ဒရစ်)

ချဲလ်ဆီး
ကိုင်ဟာဗက်ဇ် – ပေါင် ၈၉ သန်း(လေဗာကူဆင်)
တီမိုဝါနာ – ပေါင် ၅၃ သန်း(လိုက်ပ်ဇစ်)
ဘန်ချီဝဲလ် – ပေါင် ၅၀ သန်း(လက်စတာ)
ဟာကင်ဇီရက်ချ် – ပေါင် ၃၇ သန်း(အေဂျက်စ်)
မန်ဒီ – ပေါင် ၂၂ သန်း(ရင်းနက်စ်)
ဆေးလ်ဗား – အလွတ်(ပီအက်စ်ဂျီ)
မာလန်ဆား – အလွတ်(နိုက်စ်)

လီဗာပူးလ်
ဒီယိုဂိုယိုတာ – ပေါင် ၄၁ သန်း(ဝုဗ်)
သီယာဂို – ပေါင် ၂၅ သန်း(ဘိုင်ယန်မြူးနစ်)
ဆီမီကက်စ် – ပေါင် ၁၁.၈ သန်း(အိုလံပီယာကို့စ်)

မန်စီးတီး
ရူဘန်ဒီယက်စ် – ပေါင် ၆၄ သန်း(ဘင်ဖီကာ)
နသန်အကီ – ပေါင် ၄၀ သန်း(ဘုန်းမောက်)
ဖာရန်တောရက်စ် – ပေါင် ၃၇ သန်း(ဗလန်စီယာ)
ပက်ဘလိုမိုရီနို – ပေါင် ၉ သန်း(ဂျူဗင်တပ်စ်)
ယန်ကော်တို – ပေါင် ၅.၅ သန်း(ကော်ရီတီဘာ)
ကာဘိုရီ – ပေါင် ၄ သန်း(မီချီလန်း)

ယူနိုက်တက်
ဗန်ဒီဘိခ် – ပေါင် ၄၀ သန်း(အေဂျက်စ်)

စပါး
ရီဂွီလန် – ပေါင် ၃၀ သန်း(ရီးရဲလ်)
ဟိုဂျက် – ပေါင် ၂၀ သန်း(ဆောက်သမ်တန်)
ဒိုဟာတီ – ပေါင် ၁၅ သန်း(ဝုဗ်)
ဂျိုးဟတ် – အလွတ်(ဘန်လေ)
ဂါရတ်ဘေးလ် – အဌား(ရီးရဲလ်မက်ဒရစ်)
Ref:dailymail