နောက်ဆုံး ကိုဗစ်-၁၉ စစ်ဆေးမှုတွင် ပေါ့စတစ်တွေ့သူ ၁၀ ဦး ရှိကြောင်း ပရီးမီးယားလိဂ် အတည်ပြု

ပရီးမီးယားလိဂ်က နောက်ဆုံး ကိုဗစ်-၁၉ စစ်ဆေးမှု ပြုလုပ်ရာတွင် ကိုဗစ်ကူးစက်ခံထားရသူ ၁၀ ဦးအထိ တွေ့ရှိခဲ့ကြောင်း အတည်ပြုလိုက်သည်။

ပရီးမီးယားလိဂ်တွင် ကိုဗစ်-၁၉ တွေ့ရှိမှု ပမာဏမှာ ၂၀၂၀-၂၁ ရာသီစတင်ပြီးနောက် အမြင့်မားဆုံး တွေ့ရှိလာခြင်းလည်း ဖြစ်သည်။

ပရီးမီးယားလိဂ်သည် ကလပ် ၂၀ မှ ကစားသမားနှင့် နည်းပြအဖွဲ့ဝင် ၁၅၉၅ ဦးတို့အား ကိုဗစ်-၁၉ ကူးစက်ခံရမှုရှိ/မရှိကို အပတ်စဉ် စစ်ဆေးလာခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးအကြိမ် စစ်ဆေးမှုအား စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်၏ နောက်ဆုံး ကိုဗစ် – ၁၉ စစ်ဆေးမှုတွင် ဝက်စ်ဟမ်းအသင်းမှ နည်းပြဒေးဗစ်မိုယက်စ်နှင့် ကစားသမားများဖြစ်ကြသည့် အစ်ဆာဒီယော့ပ်နှင့် ဂျို့စ်ကူလ်လန်တို့ ကူးစက်ကြောင်း တွေ့ရှိခဲ့သည်။

ဒေးဗစ်မိုယက်စ်သည် တနင်္ဂနွေနေ့တုန်းက ဝုဗ်နှင့် ပွဲစဉ်အား နေအိမ်မှပင် ကြီးကြပ် ညွှန်ကြားမှု ပြုလုပ်ခဲ့ပြီး ၄-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယခုနှစ် ပရီးမီးယားလိဂ် ရာသီသစ်တွင် ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများသည် အိမ်တွင် ၁၀ ရက် ကွာရန်တေး ဝင်နေရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကူးစက်ကြောင်း တွေ့ရှိသူများသည် လိဂ်ပွဲ တစ်ပွဲကိုသာ လွဲမည် ဖြစ်ပြီး ယခုအပတ်နှောင်းပိုင်းပွဲများတွင် ပြန်လည် ပါဝင်လာကြဖွယ်ရှိသည်။

Facebook Comments Box
Facebook Comment