နောက်ခံလူ ဆူလီ COVID-19 ကူးစက်ခံထားရကြောင်း ဘိုင်ယန်မြူးနစ် ကြေညာ

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်က နောက်ခံလူ နစ်ကလပ်စ်ဆူလီ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြု ကြေညာသည်။

ထို့ကြောင့် အသက် ၂၅ နှစ်အရွယ် ဂျာမနီလက်ရွေးစင် ဆူလီသည် ဆဲလ်ဘတ်နှင့် ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အား လွဲချော်ရမည်ဖြစ်သလို ဒေါ့မွန်နှင့်ကစားရမည့် ဘွန်ဒက်စ်လီဂါပွဲစဉ်ကိုလည်း လွဲချော်ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဟော့ဖန်ဟိမ်းမှ ပြောင်းရွှေ့လာသော ဆူလီသည် ယမန်နှစ်ရာသီက ဒဏ်ရာကြောင့် ဘွန်ဒက်စ်လီဂါ ၈ ပွဲအပါ ပြိုင်ပွဲစုံ ၁၆ ပွဲသာ ကစားခွင့်ရခဲ့သော်လည်း ယခုရာသီတွင်မူ ဘွန်ဒက်စ်လီဂါ ၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၉ ပွဲကစားကာ ဘိုင်ယန် ခံစစ်ဗဟိုအတွက် အားထားရသူဖြစ်သည်။

ဂျာမနီ အသင်းအတွက် ၂၇ ပွဲကစားကာ ၁ ဂိုးသွင်းထားသော ဆူလီသည် ယနေ့နံနက် ဆေးစစ်မှုအရ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီး အခြေအနေ ကောင်းမွန်သည်ဟု မြူးနစ်အခြေစိုက် ကလပ်က ကြေညာသည်။

လက်ရှိတွင် ၎င်းသည် နေအိမ်မှာပင် သီးသန့်ခွဲနေထိုင်လျက်ရှိပြီး ရောဂါလက္ခဏာများ ပြသခြင်းမရှိဟုလည်း သိရသည်။

ဆူလီသည် ဘိုင်ယန်တွင် COVID-19 တွေ့ရှိရသည့် နောက်ဆုံးကစားသမား ဖြစ်လာခဲ့ပြီး သူ့ထက်အရင် ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် တိုက်စစ်မှူး ဂနာဘရီမှာ သက်သာပျောက်ကင်း၍ ပြန်ကစားနိုင်ပြီ ဖြစ်သလို ကိုလုံးအား ၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲ တွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။

Ref:BEIN

Facebook Comments Box
Facebook Comment