နောက်ခံလူများကို ချီရယ်လီနီ သင်ကြားပေးနိုင်ဆဲဟု အီတလီနည်းပြမန်စီနီ ပြောကြား

ရောဘတ်တိုမန်စီနီက ဂျော့ဂျီယိုချီရယ်လီမှာ တစ်ကမ္ဘာလုံးမှ နောက်ခံလူများအား ခံစစ်သမားတစ်ဦးအနေဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သင်ကြားနိုင်ဆဲ ဖြစ်ကြောင်း ပြောကြားကာ ဂျူဗီနောက်ခံလူမှာ အီတလီအတွက် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ချီရယ်လီနီသည် တနင်္လာနေ့တုန်းက နယ်သာလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် တစ်နှစ်ကျော်အတွင်း ပထမဆုံး လက်ရွေးစင်ပွဲကို ကစားခဲ့သည်။ သူသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းတွင် ပထမဆုံး လက်ရွေးစင်ပွဲစဉ်အား ကစားခဲ့ခြင်းလည်းဖြစ်သည်။

ချီရယ်လီနီသည် ပြီးခဲ့သည့် စက်တင်ဘာလတုန်းက အရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီတွင် ဂျူဗင်တပ်အတွက် ၄ ပွဲတည်းသာ ကစားထားနိုင်ခဲ့သည်။

သို့ရာတွင် ရောဘတ်တိုမန်စီနီသည် အသက် ၃၆ နှစ်ရှိ ချီရယ်လီနီ၏ အရည်အချင်းနှင့် တိုက်ပွဲဝင်စိတ်ဓာတ်တို့မှာ အီတလီအတွက် အရေးပါနေဆဲဟု ယုံကြည်နေဆဲ ဖြစ်သည်။

မန်စီနီက “သူ့မှာ အတွေ့အကြုံနဲ့ အရည်အသွေးတွေ ရှိပါတယ်။ သူက တစ်ကမ္ဘာလုံးက နောက်ခံလူတွေကို သင်ကြားပေးနိုင်တုန်း ဖြစ်ပါတယ်။ သူက တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်တာကြောင့် ကွင်းထဲမှာ သူ ရှိနေတာ ကျွန်တော်တို့ အတွက် အရမ်းအရေးပါပါတယ်။ သူ ပြန်ကစားနိုင်ဖို့ အရမ်း ဝမ်းသာပါတယ်။ သူဟာ ဘာပြဿနာမရှိဘဲ ကစားနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

အီတလီသည် နယ်သာလန်ကို ဘာရယ်လာ၏ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး နယ်သာလန်မှာ ဒုတိယပိုင်းတွင် ဂိုးပေါက်တည့်သည့် ကန်ချက် နှစ်ကြိမ် တည်းသာ ပြုလုပ်နိုင်ခဲ့သည်။ သို့ရာတွင် အီတလီသည် မန်ယူအလယ်တန်း ကစားသမားသစ်ဗန်ဒီဘိခ်၏မြေမကျဘောကန်ချက်အား ဂိုးသမားဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့မှုကြောင့် သရေကျခဲ့သည်။ ပွဲပြီးခါနီးတွင် နယ်သာလန်သည်‌ ချေပဂိုးရရှိနိုင်ရေးအတွက် ဖိအားပေး ကစားခဲ့သော်လည်း အီတလီက ပွဲကို ထိန်းချုပ်ကာ သက်တောင့်သက်သာဖြင့် ကစားသွားနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment