နေရာစုံ ရွေ့လျားနိုင်သော အထောင်တိုက်စစ်မှူးဟု ဝါနာကို လမ်းပတ် ချီးကျူး

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် ဘရိုက်တန်အား ၁-၃ ဂိုးဖြင့် အနိုင်ရသော ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့သော ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို နေရာစုံ အလွယ် တကူ ရွေ့လျားနိုင်သော တိုက်စစ်မှူးဟု ချီးကျူးလိုက်သည်။

လိုက်ပ်ဇစ်မှ ပေါင် ၄၈ သန်းဖြင့် ရောက်ရှိလာသော ဝါနာသည် လွန်ခဲ့သည့် ၂ ပတ်ကျော်ခန့်က ဘရိုက်တန်နှင့် ခြေစမ်းခဲ့သည့်ပွဲတွင် ဂိုးသွင်းနိုင်သော်လည်း ယမန်နေ့ညပွဲတွင်မူ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ၎င်းသည် ဘရိုက်တန်နောက်တန်းကို အကြီးအကျယ် ဒုက္ခပေးနိုင်သလို ဂိုးဧရိယာအတွင်းမှ အပိုင်ကန်သွင်းချက်ကိုလည်း ဘရိုက်တန်ဂိုးသမား မက်သရူးရိုင်ယန် ကာကွယ်နိုင်ခဲ့သည်။

သို့သော်လည်း ချဲလ်ဆီးအသင်း ရရှိခဲ့သည့် ပင်နယ်တီအဖွင့်ဂိုးက ဝါနာကြောင့် ရခဲ့ခြင်းဖြစ်ပြီး ဂိုးသမားရိုင်ယန်က ဂိုးသွင်းရန်ကြိုးစားသော ဝါနာ၏ခြေထောက်ကို တားဆီးခဲ့၍ ပင်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပင်နယ်တီကို ကွင်းလယ်လူ ဂျော်ဂျင်ညိုက အမှားအယွင်းမရှိကန်ကာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

လမ်းပတ်က ဝါနာကို အမှန်တကယ် ခြိမ်းခြောက်နိုင်သူအဖြစ် ကင်ပွန်းတပ်ပြီး ၎င်း၏ အမြန်နှုန်းနှင့် ဘောလုံးအရည်အသွေးက အထူးကောင်းမွန်သည်ဟုလည်း ချီးကျူးသည်။

“တီမိုကို ကျွန်တော် တကယ်ကျေးဇူးတင်တယ်။ အသင်းဆီကို သူ့ရဲ့အရည်အသွေးတွေ သယ် ဆောင်လာမယ်ဆိုတာ ကျွန်တော် သိတယ်။ သူ့ရဲ့အလျင်နှုန်းကြောင့် ပင်နယ်တီရခဲ့တာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ သူက ပြိုင်ဘက်အတွက် အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့သူပါ။ တိုက်စစ်နေရာစုံမှာ အလွယ်တကူ လှုပ်ရှားနိုင်တဲ့ အထောင်တိုက်စစ်မှူးလည်းဖြစ်ပြီး သူ့ရဲ့လုပ် ဆောင်မှုက ကျွန်တော်တို့အသင်းအတွက် အများကြီးရခဲ့တယ်” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment