နေမာမှာ မိမိကို လူမျိုးခွဲခြားခဲ့မှုမပြုလုပ်ခဲ့ဟု မာဆေးလ်၏ဆာကိုင်ကာကွယ်

မာဆေးလ်၏ဂျပန်စတားဟီရိုကီဆာကိုင်က ပြီးခဲ့သည့်လက မာဆေးလ်နှင့် ပီအက်စ်ဂျီပွဲတွင် နေမာမှာ ၎င်းအား လူမျိုးရေးခွဲခြား ပြောဆိုခဲ့မှု မရှိခဲ့ကြောင်း ကာကွယ်ပြောကြားလိုက်သည်။

စက်တင်ဘာလတုန်းက မာဆေးလ်ကို ပီအက်စ်ဂျီက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် နှစ်ဖက်ကစားသမားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ကစားသမား ၅ ဦးအထိ အထုတ်ခံခဲ့ရသည်။ နေမာသည် အယ်ဗာရိုဂွန်ဇာလက်ဇ်အား ရိုက်ခတ်မှုအတွက် အနီကတ်ပြသခံခဲ့ရသည်။ နေမာသည် အနီကတ်ပြခံရကာ ကွင်းမှာ ထွက်ခွာစဉ် ၎င်းကို အယ်လ်ဗာရိုကို လူမျိုးရေး ခွဲခြားခဲ့ကြောင်း စတုတ္ထဒိုင်လူကြီးကို ပြောဆိုခဲ့သည့်အပြင် ပွဲပြီးချိန်တွင်လည်း ဆိုရှယ်မီဒီယာမှ တဆင့် ထပ်မံ ပြောကြားခဲ့သည်။

အခြားတစ်ဖက်မှာ နေမာသည် မာဆေးလ်နှင့်ပွဲတွင် မာဆေးလ်မှ ဂျပန်လက်ရွေးစင် နောက်ခံလူ ဆာကိုင်ကို လူမျိုးရေးခွဲခြား ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခြင်းခံခဲ့ရသည်။ ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်အဖွဲ့ချုပ် သည်  နေမာနှင့် အယ်လ်ဗာရိုဖြစ်ရပ်၊ နေမာနှင့် ဆာကိုင်တို့၏ ဖြစ်ရပ်ကို စစ်ဆေးမှုများ ပြုလု်ပပြီးနောက် မည်သူ့ကိုမျှ အရေးမယူခဲ့ချေ။

ယခုအခါ ဆာကိုင်ကိုယ်တိုင်က ၎င်းကို ပီအက်စ်ဂျီစတားက လူမျိုးရေး ခွဲခြား ပြောဆိုခဲ့ခြင်း မရှိကြောင်း ဖွင့်ဟလာခဲ့ပြီ ဖြစ်သည်။

ဆာကိုင်က “ပြီးခဲ့တဲ့နှစ်ပတ်ကာလက ခက်ခဲပါတယ်။ ဒါပေမယ့် မေးခွန်းထုတ်ခံခဲ့ရတဲ့ ကစားသမားနှစ်ဦးလုံး အရေးယူမခံရလို့ ဝမ်းသာရပါတယ်။ ဘယ်သူကမှ ကျွန်တော်ကို ခွဲခြား ပြောဆိုမှုမျိုး မပြုလုပ်ခဲ့ကြပါဘူး။ ပွဲမှာ စိတ်ခံစားချက်ပါပြီး ကျွန်တော်တို့ အနည်းငယ် အချင်းများခဲ့ကြပါတယ်။ အခုတော့ အားလုံးပြီးသွားပါပြီ။ အရေးအကြီးဆုံးက အဲဒီပွဲမှာ မာဆေးလ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မာဆေးလ်-ပီအက်စ်ဂျီဒါဘီပွဲမှာ နောက်ထပ်တစ်ကြိမ် အကောင်းဆုံးလုပ်ဆောင်သွားပါဦးမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment