နူရာဝဲစွဲ

ချဲလ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စီနီယာကစားသမား ၆ ဦးအထိ ပါဝင်နိုင်မည်မဟုတ်ကြောင်း မန်ယူနိုက်တက်နည်းပြ ရက်ဖ်ရန်းနစ်က အတည်ပြုသည်။

ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မသေချာတော့သည့် ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် ချဲလ်ဆီးကိုဧည့်ခံရမည်ဖြစ်ပြီး အနိုင်ရလျှင်ပင် အဆင့် ၅ နေရာမှစပါးထက် ၂ ပွဲပို၊ တမှတ်လျော့နည်းဦးမည်ဖြစ်သည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲတွင် နောရစ်ချ်တသင်းတည်းကိုသာ အနိုင်ရထားပြီး အမြင့်ဆုံးရနိုင်သော ၁၅ မှတ်အနက် ၄ မှတ်သာ စုဆောင်းထားနိုင်သည်။

လက်ရှိအချိန်တွင် မန်ချက်စတာကလပ်သည် ၃၄ ပွဲကစားအပြီး ၅၄ မှတ်သာရကာ အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး စပါးက ၃၃ ပွဲ၊ ၅၈ မှတ်ဖြင့် အဆင့် ၅၊ အာဆင်နယ်က ၃၃ ပွဲ၊ ၆၀ မှတ်ဖြင့် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။

လက်ရှိတွင် စီနီယာကစားသမား ၁၄ ဦးသာရှိသောကြောင့် ရန်းနစ်သည် ယူ-၁၈ အသင်းမှ မယ်ဘရီ၊ ဂါနာချို၊ ဖာနန်ဒက်ဇ်တို့ ၃ ဦးကို ချဲလ်ဆီးနှင့်ပွဲအတွက် ခေါ်ယူထားသော်လည်း အရန်ခုံတွင်သာ ထိုင်ခိုင်းဖွယ်ရှိနေသည်။

“ကံမကောင်းစွာပဲ ဖရက်ဒ်က ဒီပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူး။ မနေ့က ကြိုးစားလေ့ကျင့်ပေမယ့်လည်း လေ့ကျင့်မှုလည်းပြီးရော သူနဲ့စကားပြောခဲ့တယ်။ မကစားနိုင်တာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။

ဟယ်ရီမက်ဂွိုင်းယားလည်း မကစားနိုင်ပါဘူး။ ပေါ့ဂ်ဘာ၊ ကာဗာနီ၊ လုခ်ရှောတို့လည်း မကစားနိုင်ဘူး။ ဆန်ချိုကတော့ ဖျားနေပါတယ်” ဟု ဂျာမန်သားက ဆိုသည်။

Ref:Metro

Facebook Comments Box
Facebook Comment