နီမက်စ်နှင့် လီဂူး ၁ ပွဲအတွက် ကစားသမား ၁၁ ဦးတည်းသာ ပီအက်စ်ဂျီ ရွေးချယ်စရာရှိနေ

သောမတ်စ်တူချယ်သည် ပီအက်စ်ဂျီအသင်းတွင် ကြုံတွေနေရသည့် ဒဏ်ရာပြဿနာများ၊ ပွဲပယ်ပြဿနာများ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများတို့ကြောင့် ယနေ့ညတွင် နီမက်စ်နှင့် ကစားရမည့် လီဂူး ၁ ပွဲအတွက် ကစားသမား ၁၁ ဦးတည်းသာ ရွေးချယ်စရာနေသည်။

ပီအက်စ်ဂျီ၏အဓိကကစားသမားများ ဖြစ်ကြသည့် မာကွင်ဟို့စ်၊ မာကိုဗာရက်တီ၊ ဂျူလီယန်ဒရက်စ်လာ၊ သီလိုခီရာ၊ ဘားနက်၊ မော်ရိုအိုင်ကာဒီတို့သည် ဒဏ်ရာပြဿနာကြောင့် နီမက်စ်နှင့်ပွဲကို လွဲချော်ကြမည် ဖြစ်သည်။ အိန်ဂျယ်ဒီမာရီယာနှင့် ကူဇာဝါတို့မှာ ပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီး အင်ဒါ ဟာရီရာမှာလည်း COVID-19 ကူးစက်ခံထားရသည်။ အခြားတစ်ဖက်မှာ အသစ်ခေါ်ယူထားသည့် ဒါနီလိုပီရဲရားနှင့် ကောလင်းဒက်ဘာတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမားများနှင့် ထိတွေ့မှုရှိခြင်းကြောင့် သီးသန့်နေထိုင်နေရသည်။

ဒါ့အပြင် နေမာနှင့် ကိုင်လီယန်အမ်ဘက်ပီတို့မှာလည်း လက်ရွေးစင်အသင်းအ တွက် သွားကစားစဉ် ဒဏ်ရာကိုယ်စီ ရရှိလာကြ၍ ကြံ့ခိုင်မှု အခြေအနေမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ပီအက်စ်ဂျီသည် လာမည့်အပတ် အင်္ဂါနေ့တွင် ယူနိုက်တက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲ ကစားရန် ရှိနေရာ ယင်းသို့ ကစားသမားများစွာ ဒဏ်ရာပြဿနာနှင့် ကြုံနေရ၍ ကစားသမားရွေးချယ်ရေးအတွက်ပင် အခက်အခဲ ရှိနေသည်။

တူချယ်က “ဒရက်စ်လာ၊ ဗာရက်တီ၊ မာကွင်ဟို့စ်တို့က နီမက်စ်နဲ့ပွဲမှာ ပါဝင်ကြမှာ မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်ပွဲကိုလည်း ပါဝင်ဖို့ မသေချာပါဘူး။ ဟာရီရာက ကိုဗစ်ကူးစက်ခံထားရတယ်။ ဒါနီလိုကလည်း ကူးစက်ခံထားရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ထိတွေ့မှုရှိခဲ့တော့ အသင်းနဲ့ မပူးပေါင်းနိုင်ပါဘူး။ ဒက်ဘာကလည်း ယူ-၂၁ အသင်းမှာ မာဆင့်ကာကွီရက်နဲ့ ထိတွေ့ခဲ့တယ်။ ခီရာကလည်း ဒဏ်ရာရရှိနေတုန်းပါ။ ရက်သတ္တပတ်အနည်းငယ် နားရပါဦးမယ်။ အိုင်ကာဒီကလည်း ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန်းအစီအစဉ်တုန်းက ဒူးအရွတ်ဒဏ်ရာရခဲ့တယ်။ ကြီးမားတဲ့ ဒဏ်ရာမဟုတ်ပေမယ့် နီမက်စ်၊ မန်ယူတို့နဲ့ပွဲကို လွဲပါမယ်။ ပြီးတော့ နိုင်ငံတကာပွဲပြီးပြန်လာတဲ့အမ်ဘက်ပီနဲ့နေ မာတို့ကိုလည်း ဂရုစိုက်ရပါဦးမယ်။ ကျွန်တော်တို့မှာ ကစားသမားရွေးချယ်ဖို့ ၁၁ ဦး၊ ၁၂ ဦး၊ ၁၃ ဦးဘဲ ရှိမယ်ထင်ပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment