
နိုင်ငံတကာကိုဗစ်နဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု ဒဏ်ရာရဝေဒနာ
ထွန်းထွန်းဦး(လှိုင်)
ထင်တဲ့အတိုင်းပဲ၊ အင်တာနေရှင်နယ်ကိုဗစ် ဝင်မွှေ့လိုက်တာ အားလုံး မဟုတ်တာတောင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဘောလုံးအသင်းတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားတယ်။
အားလုံးလည်း သိပြီးလောက်ပါပြီ။
ကိုဗစ်ကို လျှော့တွက်မိတဲ့ အရှိန်နဲ့ ဝင်ဆောင့်သွားတဲ့ ကူးစက်မှုလှိုင်းက အခုအချိန်မှာ ပြောပလောက်တဲ့ ပမာဏ မဟုတ်သေးပေမယ့် ဘယ်အချိန် ထပေါက်ကွဲမလဲဆိုတာ မသိရတဲ့ ချိန်ကိုက်ဗုံးတစ်ခုလို နိုင်ငံအသင်းတိုင်းမှာ စိတ်ထဲအထိ အဲ့ဒါက ကပ်ငြိသွားကြပြီဖြစ်တယ်။
ပြီးခဲ့တဲ့ တစ်ပတ်မှာ အင်တာနေရှင်နယ်ကိုဗစ်နဲ့ နိုင်ငံတကာ ဘောလုံးရောဂါဆိုပြီး ခေါင်းစဉ်တပ်ကာ ရေးခဲ့ပါတယ်။ အခု အဲ့ဒီနောက်ဆက်တွဲကို ဆက်ပြောချင်တယ်။
အခြားမဟုတ်ဘူး။ အခုပြန်လာကြတဲ့ သူတွေအတွက် ကိုဗစ် လုံခြုံရေး အဆင့်မြှင့်ထားမှုဟာ ဘယ်လောက်အထိ အာမခံချက် ပေးပါသလဲ။
ကုသဆေးတွေ ထွက်ပေါ်တော့မှာ မှန်တယ်။ လောလောဆယ် ဖြေရှင်းရမယ့် အရာအတွက် အားလုံး စိတ်ပူနေတယ်။
ဆေးစစ်တယ်၊ အဖြေမထွက်ဘူး။ လူကောင်းတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီနေ့စစ်ပြီး မနက်ဖြန်မှ လာပေါ်နေတော့ ဘာမှကို လုပ်မရတော့ဘူး မဟုတ်လား။

ကိုဗစ်က သိပ်လူလည်ကျတယ်။ ပြီးတော့ တူတူပုန်းတမ်းလည်း ကစားတတ်သေးတယ်။ လုံးဝ(လုံးဝ)ကို လျှော့တွက်လို့ မရသေးတာပါ။
နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ ဘယ်ကနေ ဘယ်လိုဝင်လာမှန်းမသိတဲ့ ဧည့်သည်က အိမ်အလယ်ခန်းမှာ အခန့်သား ထိုင်နေသလိုမျိုး ကိုဗစ်ရဲ့ လုပ်ပေါက်က ရိုက်ချင်စရာ …
ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံတကာမှာ လှည့်ပတ်ကန်လာတဲ့ ဘောလုံးသမားတွေအဖို့တော့ ရတက်မအေးစရာကို ဖြစ်လို့နော်…
ပိုးရှိသူနဲ့ အတူလေ့ကျင့်ခဲ့တယ်။ ကစားခဲ့ကြတယ်ဆိုတော့ သူတို့ကို ဘယ်သူကမှ မယုံကြသလို၊ သူတို့ကိုယ်သူတို့လည်း မယုံကြဘူး။
ဘယ်အချိန် ထဖြစ်မယ်မှန်း မသိရသေးတဲ့ ဒီရောဂါဆိုး ကူးစက်မှုဟာ ပွဲဆက်တွေများနေတဲ့ ဒီကာလမှာ ရှေ့ဆက်တိုးရင် ဖြစ်လာနေဦးမှာပါပဲ။ အခုတော့ အစိမ်းသက်သက်ကြီး ဖြစ်နေပေမယ့် ကြာရင်တော့ ရိုးသွားကြမယ့် သဘောရှိတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ လူသားတိုင်းအတွက် ကြောက်စရာ ကပ်ဘေး ဆိုက်နေတဲ့ ရောဂါတစ်မျိုးပါပဲ။
အခုပြန်လာကြတဲ့ အင်တာနေရှင်နယ်ပွဲတွေ နွဲှထားကြတဲ့သူတွေ အဖို့တော့ ဆေးစစ်မှု အထပ်ထပ်နဲ့ (ကိုဗစ်စည်းကမ်း တင်းကျပ်တဲ့ အင်္ဂလန်နဲ့ အီတလီလိုနိုင်ငံ) ကွာရန်တင်းဝင်ရမယ့် ကာလတွေမှာ ဘယ်လိုမျိုး ရှိနေကြမလဲ။
နိုင်ငံတကာပွဲတွေပြီးရင် ကလပ်ပွဲတွေ လာမယ်။ ပြီးရင် ခေါင်းစဉ်မျိုးစုံတပ်ထားတဲ့ ပြည်တွင်းပြည်ပ ဖလားပွဲတွေလာမယ်။
ပွဲဆက်တွေ တရစပ်ပြည့်နေတဲ့ ဒီနှစ်ဘောလုံးရာသီမှာ မိနစ် ၉၀ တွေက ရက်ပိုင်းသာခြားပြီး ကစားသမားတွေထံ ဆက်တိုက်ကို လာနေကြပြီဖြစ်တယ်။

ရောဂါကပ်ဘေးကလည်း တစ်မျိုးဆိုးနေတာဆိုတော့ ပွဲဆက်များပြီး ကြံ့ခိုင်မှုကျလာတဲ့ ဘောလုံးသမားတွေထံ ပိုးငြိလာရင် ကလပ်အသင်းတွေအဖို့တော့ စိတ်ဆင်းရဲစရာ ထပ်တိုးတာပဲ ရှိနေပါလိမ့်မယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက နယ်သာလန်ကလပ် အိုင်းယက်စ်မှာ ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေကြားမှာ ၁၁ ယောက်လောက် ကိုဗစ် ကူးစက်မှုတွေရှိထားခဲ့သလို၊ အင်တာနေရှင်နယ်ပွဲတွေမှာလည်း ဆွီဒင်၊ ခရိုအေးရှား၊ အီဂျစ်၊ ဘရာဇီး၊ ပြင်သစ်၊ တောင်ကိုရီးယား အပါအဝင် အခြားအသင်းတွေမှာလည်း ဆေးစစ်မှု အထပ်ထပ်လုပ်နေတဲ့ကြားကနေပြီး ကူးစက်မှုတွေက ကစားသမားတွေဆီမှာ ရှိလာတာကြောင့် ပွဲကစားနေရင်းတန်းလန်းနဲ့ ရှောင်တခင် ဆေးစစ်လို့ မိတဲ့သူတွေ၊ ဒီနေ့စစ်တာ မပေါ်ဘဲနဲ့ နောက်တစ်နေ့ မနက်မှစစ်လို့ အဖြေပေါ်တာတွေနဲ့ စုံစေ့နေတာပါပဲ။
လေ့ကျင့်ရေး အတူလုပ်နေတုန်း ဘာမှမဖြစ်သေးဘူး။ လေ့ကျင့်ရေးပြီးတော့မှ နောက်ရက်တွေမှ စစ်လိုက်တော့ ပိုးတွေ့နေတာမျိုးတွေအပြင် သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ပွဲမတိုင်ခင် ပိုးစစ်တာ ကင်းရှင်းလို့ ပွဲဝင်ကစားကာမှ ပထမပိုင်းအပြီးမှာ အဆိုပါ ကစားသမားကို ဆေးစစ်တဲ့အခါ ကိုဗစ်ပိုး တွေ့နေတာမျိုးတွေအပြင် ပိုးကူးနေတာ မသိဘဲနဲ့ တစ်ပွဲလုံး ဝင်ကစားမိတဲ့ ဘောလုံးသမား စတဲ့ အဖြစ်မျိုးတွေကအစ စုံစေ့နေတာပါပဲ။
နည်းပြချုပ်တွေလည်း မနေရပါဘူး။ ပိုးကူးစက်ခံရလို့ ဘေးထွက်ထိုင်နေရပြီး အင်တာနေရှင်နယ်က ကိုယ်နဲ့မဆိုင်သလိုမျိုး ဖြစ်နေခဲ့တာတွေကလည်း ရှိပါသေးတယ်။
အရေးထဲ ကိုဗစ်ကို အံတုပြီး ဘောလုံးကို ဇောနဲ့ အမောတကော လိုက်ကစားဖြစ်လို့ မထင်မှတ်ဘဲ ဒဏ်ရာက ပါလာတဲ့အခါ ကလပ်မှာရှိတဲ့ နည်းပြတွေက မျက်နှာမဲ့ရွဲ့ပြီး ရှေ့ဆက်ရမယ့်ခရီးအတွက် ဘယ်လိုမျိုး ဖြတ်သန်းရမလဲဆိုတာ လီဗာပူးနည်းပြချုပ် ကလော့ပ်လိုမျိုး ခေါင်းကိုက်ပြီး အိပ်စက်ဖို့တောင် ခက်နေမယ့်သူတွေ ဒီအချိန်၊ ဒီကာလမှာ ဘယ်နှစ်ယောက်များ ရှိကြမလဲမသိ …
ကာလတိုပဲနားနား၊ ကာလရှည်ပဲ နားနား၊ ဘောလုံးသမားကောင်းတစ်ယောက် အနားယူရပြီဆိုရင် ဆုဖလားရရေးအတွက် ပြေးလွှားနေကြရတဲ့ ကလပ်အသင်းအတွက်တော့ အနည်းနဲ့အများဆိုသလို ထိခိုက်ရတာပဲ မဟုတ်လား။
အခုတောင် ဒီဇင်ဘာပွဲကျပ်ကာလ ဆိုတာကြီးကလည်း ဘာလိုလိုနဲ့ အနား ကို ရောက်လာတော့မှာဆိုတော့ …
အင်း…
မတွေးဝံ့စရာတွေနဲ့ ပြည့်နှက်နေလို့ပေါ့….

မန်စီးတီးက အကီ၊ လီဗာပူးက ဂိုမက်ဇ်၊ ရောဘတ်ဆန်နဲ့ ဆာလာ(ကိုဗစ်ကူးစက်ခံထိထား) စတဲ့ကစားသမားတွေ အဖို့တော့ ဘယ်လိုမျိုး ကလပ်အသင်းတွေနဲ့ ပွဲထွက်မလဲ။
ပြီးတော့ နိုင်ငံတကာပွဲနွှဲပြီး ပြန်လာကြတဲ့သူတွေလည်း ဒီတစ်ပတ်မှာ ဘယ်လိုမျိုး မိခင်ကလပ်အသီးသီးနဲ့ ဝင်ကစားကြမလဲ၊ သူတို့ သက်ဆိုင်ရာနိုင်ငံအသင်း အသီးသီးမှာ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့သူတွေ ရှိနေခဲ့ရင် ပိုဆိုးပြီ။
ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဖြစ်ခါမှဖြစ်ရော ဝင်ကစားကြတော့ ဆိုတာမျိုးနဲ့ ဆေးအထပ်ထပ်စစ်ပြီး ပွဲပန်းနေတဲ့ ဘောလုံးသမားတွေ ဖြတ်သန်းနေရတဲ့ အဖြစ်တွေကလည်း အခုအချိန်အထိ ခရီးဆက်နေတုန်း မဟုတ်ပါလား။
ပြီးတော့ အထက်မှာပြောခဲ့သလိုမျိုး ပွဲဆက်တွေ၊ ပွဲကျပ်တွေ တရစပ် များလာတဲ့အချိန်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကလည်း တောက်လျှောက်ကို ကျဆင်းပြီး ထိခိုက်မှုတွေ တော်တော်များများ ရနေတဲ့အချိန်ဖြစ်တာကြောင့် ဒါကို အသင်းဆရာဝန်တွေက အကောင်းဆုံးဖြစ်အောင် အဖြေထုတ်နေကြရတယ်။
အနီးဆုံး လက်လှမ်းမီတဲ့ ပရီးမီးယားကိုကြည့်။ ဒီနှစ်မှာ လီဗာပူးက ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာ ၁၄ ယောက်နဲ့ ဦးဆောင်နေတယ်။
ဒုတိယက မန်စီးတီး။ ၁၂ ယောက်အထိ ဒဏ်ရာရစာရင်း ရှိထားတယ်။
တတိယက ဘန်လေ ၁၁ ယောက်အထိ ဒဏ်ရာရထားတယ်။ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်ဆိုရင် ၈ ယောက်အထိ ဒဏ်ရာရကစားသမား စာရင်းဖော်ပြထားတယ်။
စပါးက ၈ ယောက်၊ အာဆင်နယ်က ၆ ယောက် ၊ ချယ်လ်ဆီးက ၄ ယောက်နဲ့ အနည်းဆုံး ထိခိုက်ဒဏ်ရာရ စာရင်းမှာ ဝုလ်ဖ်နဲ့ ရှက်ဖီးတို့ပြီးရင် တတိယမှာ ရှိနေတယ်။
နောက်ဆုံး ၅ နှစ်အတွင်းမှာ ဒီလိုအခိုက်အတန့်တွေ ကြုံရတိုင်း ပရီးမီးယားလိဂ်တစ်ခုမှာတင် ကစားသမားတွေရဲ့ဖျားနာမှုနဲ့ ဒဏ်ရာကြောင့် နားနေရတဲ့ စာရင်းကိုကြည့်ရင် အခုနှစ် ဘောလုံးရာသီ ပွဲစဉ် ၈ ပွဲကစားအပြီးမှာ ကစားသမား အရေအတွက်က ၁၅၄ ယောက်တောင် ရှိပါသတဲ့။
မနှစ်တုန်းက ဒီလိုအနေအထားမှာ ထိခိုက်ဖျားနာမှုကြောင့် ကစားသမားတွေ နားရတာ ၁၃၃ ယောက်သာ ရှိခဲ့တယ်။

၂၀၁၈- ၁၉ မှာ ၁၂၆ ယောက်၊ ၂၀၁၇-၁၈ မှာ ၁၃၃ ယောက်၊ ၂၀၁၆-၁၇ မှာ ၁၄၁ ယောက် ရှိခဲ့ဖူးပါ တယ်။ ဒီနှစ်ကတော့ အများဆုံး စံချိန်တင်ထားတယ်။
ခါတိုင်းလည်း ဒီအတိုင်းပါပဲကွာလို့ ပြောနိုင်ပေမယ့် ဒီနှစ်မှာ ကိုဗစ်ဒဏ်ကိုရော၊ ပွဲဆက်များတဲ့ အနေအထားကိုပါ တစ်ပါတည်း ခံနေရတာဖြစ်လို့ ဘောလုံးသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်း ကျဆင်းလာတာဟာ ပြောစရာတစ်ခုလို ဖြစ်လာစေတယ် မဟုတ်ပါလား။
စိတ်ဖိစီးမှုတွေကလည်း ပိုများလာတော့ အဲ့ဒီအပေါ်မှာ ပိုဆိုးလာတဲ့ ဒဏ်ရာရထိခိုက်မှုတွေ မြင့်တက်လာတာဟာ သတိထားစရာအဖြစ် ရောက်လာ တော့တာပါပဲ။
ဒီတော့ ပြိုင်ဆိုင်မှုတွေအတွက် နာမည်ကျော်လိဂ်တွေမှာ ဒဏ်ရာရစာရင်းနဲ့ ကိုဗစ်ကူးစက်ခံထိလို့ အနားယူ ကုသရမယ့် အနေအထားတွေဟာ ချန်ပီယံပြေးလမ်းတွေ အသီးသီးမှာ အနည်းနဲ့အများ ဆိုသလို ရိုက်ခတ်မှုတွေတော့ ရှိလာကြပါလိမ့်မယ်ဆိုတာ အရင်တုန်းက တွက်ဆထားခဲ့ကြသလိုပါပဲ။
အခုတောင် အသင်းကြီးတွေ အမှတ်ပေးဇယားမှာ တည်ငြိမ်အောင် မလုပ်နိုင်၊ မလုယူနိုင်ကြသေးတဲ့ အနေအထားဟာ ရှိနေတာမို့လို့ ကြာလာရင် ဒီအတိုင်းသာ ဆက်သွားကြည့် ဖလားလုမယ့် ချန်ပီယံအသင်းတွေထဲမှာ အလယ်အလတ် အဆင့်ရှိတဲ့ ဖိအားကင်းမဲ့ဇုန်ထဲက အသင်းတွေ နေရာဝင်လုတာ ခံရဖို့တောင် ရှိနေမယ်နဲ့တူတယ်။
ဘာပဲဖြစ်ဖြစ် ဇာတ်ရှိန်တက်လာတဲ့ အင်တာနေရှင်နယ်ကိုဗစ်နဲ့ နောက်ဆက်တွဲရိုက်ခတ်မှု ဒဏ်ရာဝေဒနာဇာတ်လမ်းကတော့ ကြည့်ကောင်းပြီ ထင်ပါရဲ့ …