နားလည်ပေးလိုက်ကြပါ

မောင်ဖိုးကွန့်

မဟုတ်သေးဘူး . . .. ။

မဟုတ်တာမှ တော်တော်ကို မဟုတ်သေးတာ . . . ။

ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုတွေတောင် ရုန်းကန်နေရတာလဲ။

Soccer 88 အတွက် ကျွန်တော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ ကျွန်တော်နဲ့ စကားပြောတဲ့အခါ ‘မန်ယူနိုက်တက် ပြန်လာပြီ’ ဆိုတဲ့အခါမျိုးမှာ ယူနိုက်တက်ပရိသတ်ဖြစ်တဲ့ သူ့ကို နောက်ပြောင်ပြီး ‘ပြန်လာပြီးရင် ပြန်သွားဦးမယ်’ လို့ တုံ့ပြန်တဲ့အကြောင်း ထည့်ရေးခဲ့ဖူးပါတယ်။

တီဗွီကြော်ငြာထဲကလို ပြောရမယ်ဆိုရင်တော့ ‘အခုတော့ ယူနိုက်တက် တစ်သင်းတည်း မဟုတ်တော့ပါဘူး အာဆင်နယ်ရော. . . ၊ ချယ်ဆီးရော . . .လီဗာပူးနဲ့ မန်စီးတီးသာမကဘဲ တခြားလိဂ်တွေက အသင်းကြီးတွေပါ ပြန်လာလိုက် ပြန်သွားလိုက်ဖြစ်နေကြပြီလေ’ လို့ ပြောရတော့မှာပဲ။

ဟုတ်တယ်ဗျ။ ဒီလိုကိစ္စတွေက လိဂ်တိုင်း၊ အသင်းတိုင်းမှာ ကြုံတွေ့နေရသလို ဘယ်အသင်းကြီးက ဘယ်အသင်းငယ်လေးကို ရှုံးသွားတယ်/သရေကျသွားတယ်ဆိုတာ ဒီနှစ်ဘောလုံးရာသီမှာ အထူးအဆန်း မဟုတ်တော့တဲ့ သတင်းတစ်ပုဒ်လို ဖြစ်လာပါပြီ။

ဒီလိုအနေအထားမျိုးဖြစ်နေတာ အခုရာသီဝက်ရောက်မှ ရုတ်တရက် ထဖြစ်တာမဟုတ်ဘဲ ရာသီအစ တာထွက်မှာကတည်းက ဖြစ်နေခဲ့တာပါ။

သိပ်သတိမထားမိလို့သာ အခုလောက် ထင်ထင်ရှားရှား မမြင်နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

နောက်ပြီး ဘောလုံးပွဲတစ်ပွဲမှာ အနိုင်အရှုံးရလဒ်က ကံတရားအပေါ် မူတည်ပြီး တစ်ခါတလေမှာ ကမောက်ကမရလဒ် ထွက်တတ်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။

ဒါကို ကျွန်တော် အကြွင်းမဲ့လက်ခံပြီး ငြင်းစရာမရှိပါဘူး။

အဲဒီလိုမျိုးပွဲတွေလည်း ကြည့်ခဲ့ဖူးတာပဲလေ။

ဒါပေမဲ့ အခုဖြစ်နေတဲ့ မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေက အဲဒီအခြေအနေနဲ့ မတူပါဘူး။

ကစားသမျှ အခြေအနေတိုင်းမှာ ကံဆိုးမိုးမှောင်ကျပြီး တိုင်တွေထိ၊ တစ်ဖက်ဂိုးသမားက အရမ်းလက်စွမ်းပြ၊ အပိုင်အခွင့်အရေး အများကြီးရပေမယ့် ဂိုးမရ အဲဒီလိုမျိုးတွေဖြစ်ပြီး ရှုံးတာ၊ သရေဖြစ်တာမျိုးတွေ မဟုတ်ဘဲ ကိုယ့်အသင်းကိုက တစ်ဖက်ဂိုးပေါက်ကို လောက်လောက်လားလား မကန်သွင်းနိုင်လို့၊ ကန်သွင်းဖို့ အခွင့်အရေးမရလို၊့ ရလဒ်ဆိုးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမို့လို့ အဲဒီလိုတွေ ဖြစ်နေတာပါ။

ဒီတစ်ပွဲ ခြေစွမ်းမကောင်းပေမယ့် နောက်တစ်ပွဲကျတော့လည်း ပြောင်းပြန်လှန်လိုက်သလို စူပါအသင်းဖြစ်ပြီး ဂိုးမိုးတွေရွာပြန်ရော။

ဟုတ်ပါတယ်။ အဲဒီအခြေအနေတွေကို ဘောလုံးပွဲတွေ အများကြီးလိုက်ကြည့်တဲ့ လူမျိုးဆိုရင် သေသေချာချာ မြင်မှာပါ။

တစ်သင်းတည်းကို ပြောနေတာလည်း မဟုတ်ဘူး။ အသင်းတွေအားလုံးက ဒီလိုဖြစ်နေကြတာပါ။

အဲဒီမှာ စတွေ့တော့တာပါပဲ။ ဘာစတွေ့တာလဲဆိုတော့ ‘လောင်’ တဲ့ ဇတ်လမ်းတွေပေါ့။

Fanbase တောင့်တင်းတဲ့ အသင်းပရိသတ်တွေ ဒီကိစ္စကို အားလုံးနားလည်ကြမှာပါ။

ကိုယ့်အသင်းက မျှော်လင့်တဲ့ရလဒ်မျိုး မရတဲ့အခါမျိုးမှာ ဒေါသထွက်ပြီး ပြိုင်ဘက်ကစားသမား၊ နည်းပြတွေကိုလည်း မကျေနပ်။ ကိုယ့်ကစားသ မားနဲ့ နည်းပြကိုလည်း မကျေနပ်။

Facebook ပေါ်က ကိုယ့်အသင်းကို ခနဲ့နေ၊ ရိနေတာတွေကိုလည်း မကျေနပ်။

နောက်ဆုံး အပြင်က ကိုယ့်အနီးအနားမှာ ဘာကိုပဲတွေ့တွေ့ မကျေနပ်ဘဲ ဒီလိုဖြစ်နေတာ ဘယ်သူ့ကို အပြစ်တင်ရမလဲ သေသေချာချာမသိဘဲ တစ်ယောက်တည်း ပေါက်ကွဲနေတဲ့ ခံစားချက်မျိုးပေါ့။

အဲဒီအခါမျိုးကျရင် အများစုကတော့ သူတို့ခံစားချက်ကို FB ပေါ်တက်ပြီး ဘယ်ကစားသမားက ညံ့တယ်၊ ဘယ်ကစားသမားက ခိုတယ် ဆိုတာကစပြီး နည်းပြ Line up ထုတ်တာ၊ ပွဲထွက်ကစားသမား ရွေးတာအလယ် ဘုတ်အဖွဲ့က ကစားသမားဝယ်တာ ပုံမကျမှုအဆုံး အတွေးရှိရင် ရှိသလောက် တွေးကြ၊ စာရေးကောင်းရင် ကောင်းသလောက် ရေးကြနဲ့ ဘေးက တခြားလူတွေကိုပါ ‘လောင်’ တာတွေကို ဝေမျှပေးကြပါတော့တယ်။

လူတစ်ယောက်ရဲ့သဘောထား၊ လူတစ်ယောက်ရဲ့အမြင်ဆိုတာ တင်ပြပုံကောင်းရင် ကောင်းသလောက် ပိုမိုကျယ်ပြန့် ခိုင်မာလာပြီး အမြင်ဆိုတဲ့ အခြေအနေကနေ အယူအဆတစ်ခု အဖြစ်ကို ပြောင်းသွားတတ်ပါတယ်။

အဲဒီလို အခြေအနေမျိုးရောက်လာတဲ့အခါမှာ . . . . out ဆိုတဲ့ ကိစ္စတွေ စဖြစ်လာတော့တာပါပဲ။

ဒီနှစ်ဘောလုံးရာသီမှာ ဆိုးလ်ရှား . . .out၊ လမ်းပတ် . . .out၊ အာတီတာ . . .out ဆိုတာမျိုး မကြာမကြာ တွေ့နေရသလို နောက်တစ်ပတ်နှစ်ပတ်ကြာတော့ အဲဒီအသင်းတွေက ရလဒ်တွေပြန်ကောင်းလာပြီး ခြေစွမ်းတွေ ပြန်ပြလာကြပြန်တော့ ‘ငါတို့ ဂန္ထဝင်နည်းပြ’ ပြန်ဖြစ်သွားကြပြန်ရော။

ဒါက အသင်းကို ကိုင်တာမကြာသေးသလို အောင်မြင်မှုတွေလည်း ဘာမှမယူပေးနိုင်တဲ့ သက်တမ်းနုသေးတဲ့ ကစားသမားဟောင်း နည်းပြတွေကို ဥပမာအနေနဲ့ပြောတာပါ။

ကမ္ဘာ့အကောင်းဆုံး နည်းပြစာရင်းဝင်တွေဖြစ်တဲ့ ဂွါဒီယိုလာတို့၊ ကလော့ပ်တို့၊ အန်ဆယ်လော့တီတို့၊ ဘီယယ်ဆာတို့ကိုတောင် အပြစ်တင်ချင်တဲ့၊ အမှားထောက်ပြချင်တဲ့ အခြေအနေတွေ အများကြီး မြင်နေတွေ့နေရတာပါ။

အဲဒီလို ထင်သလိုမဖြစ်လို့ အပြစ်တင်ဝေဖန်နေတဲ့ ‘ငလောင်’ တွေထဲမှာ ကျွန်တော့်လို ဟိုနည်းနည်းသိ ဒီစပ်စပ်သိပြီး ‘စဆရက’ လုပ်နေတဲ့သူလည်း ဘယ်လွတ်မလဲ။

ထိပ်ဆုံးကပါတာပေါ့။

ကိုယ်တွေဆို တစ်သင်းတည်းကို ကြိုက်တဲ့ အားပေးတဲ့ ဖန် မဟုတ်လေတော့ ရှိသမျှနည်းပြတိုင်းကို ကိုယ်သိသလောက်ပဲ မသိသလို၊ ကိုယ်မြင်နေတဲ့ နည်းစနစ်နည်းဗျူဟာတွေကပဲ အဲဒီနည်းပြအတွက် မြင့်လွန်းနေသလိုတွေတောင် ပြောဖြစ်ရေးဖြစ်နေသေးတယ်။

အဲဒီလို အခြေအနေတွေက နည်းနည်းများလာတဲ့ အခါမှာတော့ အားနာလာတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း သံသယဝင်လာတယ်။

ငါပြောတာတွေကရော ဟုတ်ပါ့မလား၊ ငါတွေ့တာ မြင်တာတွေက လက်တွေ့ဖြစ်ပျက်နေတာတွေနဲ့ရော နီးစပ်ပါ့မလား၊ ငါသိတဲ့မြင်တဲ့ နည်းစနစ်နည်းဗျူဟာတွေကို တကယ်တာဝန်ယူနေတဲ့ နည်းပြနဲ့ သူတို့ရဲ့လက်ထောက်နည်းပြအဖွဲ့ကရော မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား . . . ဆိုတဲ့ သံသယတွေပေါ့။

အဲဒီလိုတွေတွေးရင်း အဲဒီနည်းပြတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ဘာတွေဖြစ်မလဲ၊ အခုလို သူတို့တွေ တက်လိုက်ကျလိုက် ဖြစ်နေကြတာ ဘာကြောင့်လဲဆိုတာကို ဆက်တိုက်စဉ်းစားကြည့်မိတယ်။

အသေချာဆုံးနဲ့ အသိသာအထင်ရှားဆုံး အခြေအနေကတော့ ဒီနှစ်ဘောလုံးရာသီက ဘယ်သူတစ်ဦးတစ်ယောက်မှ ဒါမျိုးအခြေအနေတွေနဲ့ မရင်ဆိုင်ခဲ့ဖူးတဲ့ အခြေအနေမျိုးပါ။

ဒီလိုအချိန်မျိုးမှာ ကြုံတွေ့ရသမျှ အခက်အခဲနဲ့ ပြဿနာတွေဆိုတာကလည်း အရင်က ကြုံခဲ့ဖြေရှင်းခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ အဖြစ်အပျက် သဘောတရားခြင်း တူရင်တောင်မှ လက်ရှိအချိန်မှာ အရင်လို ဖြေရှင်းလို့မရတဲ့၊ ဖြေရှင်းဖို့မတတ်နိုင်တဲ့ အနေအထားကွဲပြားမှုတွေက အများကြီးရှိနေမှာပါ။

ကျွန်တော်တို့ အများဆုံးကြည့်ဖြစ်၊ အားပေးဖြစ်တဲ့ အင်္ဂလန်က ပရီးမီးယားလိဂ်မှာဆိုရင် ပိုတောင်ဆိုးပါလိမ့်မယ်။

အားလုံးသိကြတဲ့အတိုင်း သူတို့နိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေက နောက်ဆုံးသိထားရသလောက်ဆို လူ(၃၀)မှာ (၁)ယောက် နှုန်းဆိုတဲ့အထိ ကူးစက်နှုန်း မြင့်တက်နေတာ၊ ဗီဇပြောင်းဆိုတဲ့ ကိုဗစ်မျိုးစိတ်သစ်ရဲ့ဘာမှမသိရသေးတဲ့ ပြဿနာအခြေအနေ . . . ။

ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာက သူတို့ဖြစ်နေတာနဲ့ယှဉ်ရင် သက်သာသေးတယ် ပြောရမှာပါ။

ဒီအခြေအနေမှာတောင် ငွေရေးကြေးရေးနဲ့ ရုပ်သံလွှင့်ခွင့်တွေအတွက် ချုပ်ထားတဲ့ စာချုပ်စာတမ်းတွေနဲ့ တခြား အထွေထွေ ပြဿနာတွေကြောင့် တစ်နိုင်ငံလုံး Lockdown လုပ်လိုက်တာတောင် ဘောလုံးပွဲတွေက ဆက်ကန်နေရတုန်းပဲ။

ဒီအနေအထားမှာ ကွင်းထဲမှာကစားနေရတဲ့ ဘောလုံးသမားတစ်ယောက်စီတိုင်းရဲ့စိတ်ခံစားချက်နဲ့ အားထုတ်မှုက ကာယကံရှင်ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။

အဲဒီလိုမျိုးဖြစ်နေတဲ့ လူ(၃-၄)ဆယ်လောက်ထဲက ၁၁ ယောက်ကို ဒီလိုကစား၊ ဒီလိုကစားလို့ ညွှန်ကြားနေရတဲ့ နည်းပြတစ်ယောက်ဆီက ဘယ်လိုအကောင်းဆုံးနည်းစနစ်ကို မျှော်လင့်နိုင်မှာလဲ။

ဒီလိုအချိန်မျိုးမှာ နည်းပြတစ်ယောက်အနေနဲ့ ကစားကွက်တွေ၊ နည်းစနစ်တွေ နည်းဗျူဟာတွေကို တစ်သမတ်တည်း အကောင်းဆုံးဖန်တီးနေဖို့ဆိုတာ ဖြစ်နိုင်ခြေအရဆိုရင် ၁၀% အောက်မှာပဲ ရှိနေမှာပါ။

အဲ . . . .ဒီပြဿနာက သူတို့ကိစ္စ၊ ကိုယ်တွေကတော့ သိထားတာ ထင်ထားတာနဲ့ နှိုင်းယှဉ်ပြီး ပြောစရာရှိတာ ပြောမှာပဲ ဆိုတာကလည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ဖြစ်လို့ ဘာမှတော့ မပြောလိုဘူး။

ဒီလိုမျိုး ဟိုဖက်ကမ္ဘာက ဘောလုံးပွဲတစ်ပွဲကို ဒီဖက်ကမ္ဘာက ဘာမှမဟုတ်တဲ့လူတွေ ဝိုင်းအော်ဟစ်ဆဲဆိုနေတာကလည်း သူတို့အတွက် ဘာထိရောက်မှုမှ မရှိလှပါဘူး။

တစ်ခုပဲ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စရှိပါတယ်။

အဲဒါကတော့ ကိုယ်တိုင်ရဲ့စိတ်အခြေအနေ ကိစ္စပဲ။

ဒါတွေကို အရမ်းခံစားပြီး တစ်ယောက်တည်း ‘လောင်’ နေတာက ပြဿနာမရှိဘူး။

အဲဒီလောင်နေတဲ့မီးက ကိုယ့်အပြင်ပတ်ဝန်းကျင်ကို ကူးပြီး အနီးအနားက ကိုယ့်မိသားစုကို ကူးစက်မှာစိုးလို့ သတိပေးချင်တဲ့သဘောနဲ့ ဒီစာကို ရေးဖြစ်လိုက်တာပါ။

အခု ဘောလုံးပွဲတွေရဲ့အဆုံးအဖြတ်ပေးမယ့်အချိန်ကို ရောက်လာပြီ။

ထပ်ပြီး’လောင်’ ကြရမယ့် အခြေအနေတွေကို အသင်းတော်တော်များများ ကြုံကြရဦးမှာပါ။

အဲဒီအခါကျရင်လည်း စိတ်တွေဆိုး ဒေါသတွေထွက် ဆဲကြဆိုကြရဦးမှာပါ။

မလုပ်နဲ့လို့ ပြောလို့မရသလို ပြောခွင့်လည်း မရှိပါဘူး။

ဒါပေမဲ့ လောင်တာတွေကို အဲဒီနေရာမှာပဲထားပြီး ဆင်ဆင်ခြင်ခြင်လေး လောင်နိုင်ကြဖို့ တစ်ခုပဲပြောချင်ပါတယ် . . .

” စိတ်လျှော့ကြပါ ကိုငြိမ်းမောင်တို့ . . . .ကလေးတွေကို နားလည်ပေးလိုက်ကြပါ…။”

Facebook Comments Box
Facebook Comment