နာရီသံတွေကပြောတဲ့ မျိုးဆက်ပြဿနာ

မောင်ဖိုးကွန့်

ဒီနှစ်ပရီးမီးယားလိဂ်မှာ နည်းပြတွေကို အသက်အရွယ် အပိုင်းအခြားလိုက် ခွဲကြည့်ရင် အုပ်စု(၃)မျိုးကွဲနေတာကို တွေ့ရပါတယ်။

ပထမ အသက်အကြီးဆုံး အတွေ့အကြုံအရင့်ဆုံး အုပ်စုကတော့ အန်ဆယ်လော့တီ၊ ဘီယဲလ်ဆာ၊ ရွိုင်းဟော့ဒ်ဆန်၊ မော်ရင်ဟို နဲ့ ဒေးဗစ်မွိုက်စ် တို့ပါ။

သူတို့ထက် မျိုးဆက်တစ်ခု နောက်ကျတဲ့ နည်းပြတွေကတော့ အများဆုံးဖြစ်ပြီး ပက်ပ်၊ ယာဂန်ကလော့ပ်၊ နူနိုဆန်းတို့စ်၊ ဘီလစ်၊ ရှောင်ဒိုက်ခ်ျ၊ စတိဗ်ဘရုစ်၊ ဘရန်ဒန်ရော်ဂျာ၊ ဟက်ဆန်ဟန်တယ်၊ ဒင်းစမစ် နဲ့ ခရစ္စဝိုင်လ်ဒါ တို့ပါ။

သူတို့ မန်နေဂျာစဖြစ်တဲ့ အချိန်မှာ မော်ဒန်ခေတ် ကစားပုံနည်းစနစ်တွေက စတင်ပေါ်ပေါက်လာခဲ့လို့ နည်းစနစ်ပိုင်းကို ဦးစားပေးတဲ့ နည်းပြတွေအဖြစ် မြင်တွေ့နေရတာများပါတယ်။

နောက်ဆုံးအုပ်စုကတော့ အသက်အငယ်ဆုံး ဖြစ်သလို သူတို့ ကစားသမားဘဝကတည်းက ကျွန်တော်တို့ မြင်လာတွေ့လာရတဲ့ အုပ်စုပါ။

အသက်(၄၀) ဝန်းကျင်တွေဖြစ်ပြီး ၁၉၈၀ ဝန်းကျင်လောက် မွေးခဲ့တဲ့သူတွေ ဖြစ်တာကြောင့် သူတို့ကို 80’s မန်နေဂျာတွေလို့ ခေါ်ပါမယ်။

ဒီ 80’s အုပ်စုမှာတော့ အာတီတာ၊ လမ်းပတ်၊ စကော့ပါကား၊ ဆိုးလ်ရှားနဲ့ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ တို့တွေပဲ ဖြစ်ပါတယ်။

ကစားသမားဘ၀ ကုန်ဆုံးချိန်မှာ နည်းပြအဖြစ်နဲ့ ဘောလုံးလောကကို ဆက်ဖက်တွယ်ထားပြီး ဖိအားအများဆုံးလို့ ဆိုရမယ့် ပရီးမီးယားလိဂ် နည်းပြတွေအဖြစ် သူတို့နည်းပြဘဝကို ရှေ့ဆက်ဖို့ ကြိုးစားနေကြသူတွေပါ။

ဒီနည်းပြအုပ်စု (၃)ခုမှာ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက နောက်ဆုံး 80’s တွေနဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ် အသင်း ၂၀ လုံးက နည်းပြတွေကို ထည့်ရေးပြီး မြင်သာအောင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

80’s နည်းပြတွေ၊ ပိုပြီးတိတိကျကျ ဆိုရင် ဒီမန်နေဂျာ ၅ ယောက်က အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ဘောလုံးသမားဘဝကတည်းက သူတို့ကစားတဲ့ပွဲပေါင်း ဆယ်ဂဏန်းတော်တော်များများ ကြည့်ဖူးတာကြောင့် သူတို့ကစားသမားဘဝက အရည်အသွေးတွေ၊ ဘောလုံးအပေါ် ရူးသွပ်တဲ့ စိတ်နေစိတ်ထားတွေ၊ နည်းပြတွေရဲ့တာဝန်ပေးသမျှ ခေါင်းမခါဘဲ ကျတဲ့နေရာမှာ ရာနှုန်းပြည့် ပေးဆပ်ခဲ့မှုတွေကို ကျွန်တော်မြင်ခဲ့ တွေ့ခဲ့ ဖတ်ခဲ့ မှတ်ခဲ့ရဖူးသလို ခင်ဗျားတို့ထဲမှာ သိလိုက် မီလိုက်ကြတဲ့သူတွေလည်း အများကြီး ပါပါလိမ့်မယ်။

(ကစားသမားဘဝက အောက်တန်းအသင်းတွေမှာပဲ ကစားခဲ့ရတဲ့ ဘရိုက်တန်နည်းပြ ပေါ်တာကိုတော့ ခြွင်းချက်အနေနဲ့ နားလည်ပေးဖို့ တောင်းဆိုပါရစေ)

သူတို့ နည်းပြဖြစ်လာတဲ့ အချိန်မှာတော့ အကုန်လုံး အခက်အခဲတွေ ကြုံနေခဲ့ရတာကို အားလုံးမြင်ကြရမှာဖြစ်သလို အခုထိလည်း ဖြေရှင်းမရသေးတဲ့ ပြဿနာတွေနဲ့ အလုံ းစုံ တိုင်ပတ်နေကြတုန်းပါပဲ။

အားလုံးထဲမှာ အဆင်အပြေဆုံးလို့ ပြောရမယ့် လမ်းပတ်တောင် သိပ်မကြာသေးခင်ကအထိ သူလိုချင်တာနဲ့ ဖြစ်နေတာနဲ့ကို ချိန်ညှိဖို့အဆင်မပြေခဲ့ဘဲ နောက်ဆုံး ပီတာချက်လို အသင်းဖော်ဟောင်းတွေနဲ့ တခြားလူတွေ ဝိုင်းထမ်းပေးကြလို့သာ အဆင်ပြေတဲ့လမ်းကြောင်းပေါ် ရောက်လာခဲ့တာပါ။

ဒါတောင် သူသုံးထားတဲ့ အသုံးစရိတ်နဲ့ အသင်းရဲ့ခြေစွမ်းကို တိုင်းတာရင် ညီမျှခြင်းချလို့ ရတဲ့အထိတော့ အဆင်ပြေတာမျိုး မဟုတ်သေးပါဘူး။

သူတို့ ဘာဖြစ်လို့ အခုလိုမျိုး အခက်အခဲတွေနဲ့ တညီတညွတ်တည်း ကြုံနေကြရတာလဲ။

သူတို့က ကစားသမားဘဝတုန်းက ပရိုဘောလုံးသမားကောင်းတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုလမ်းကြောင်းတွေက ဘယ်လိုသွားရမလဲ ဆိုတာ ကောင်းကောင်းသိနေတဲ့လူတွေမဟုတ်လား. . .

သူတို့ကစားနေတုန်းက သူတို့ကြုံခဲ့ရတဲ့ ဖြေရှင်းပုံတွေ ဒါမှမဟုတ် သူတို့ရဲ့နည်းပြဂုရုကြီးတွေဖြစ်တဲ့ ဖာဂူဆန်၊ အာဆင်ဝင်းဂါး၊ ဟယ်ရီရက်ဒ်နက်၊ မော်ရင်ဟို၊ အန်ဆယ်လော့တီ တို့ ဖြေရှင်းခဲ့တဲ့ နည်းလမ်းတွေကို သူတို့ အတုမယူခဲ့ကြဘူးလား ဆိုတဲ့အတွေးမျိုး တွေးခဲ့မိပါတယ်။

နောက်ပြီး သူတို့ကြုံနေရတဲ့ ပြဿနာအများစုကို ကြည့်လိုက်မယ်ဆိုရင် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေ သိပ်မတွေ့ရဘဲ ကစားသမားတွေရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေ၊ အသင်းလိုက် ညီညွတ်မှုပိုင်းဆိုင်ရာ ပြဿနာတွေ၊ နိုင်ပွဲဆာလောင်မှုနည်းပြီး တိုက်ပွဲဝင်စိတ်ပိုင်း နိမ့်ကျမှုတွေ စတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နေပါတယ်။

တကယ်တော့ ဒီလို ကိစ္စတွေက သူတို့လက်ထက်မှာမှ မဟုတ်ဘူး ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့အတွက်ဆို အမြဲတမ်း လိုအပ်နေတာကြောင့် နည်းပြတိုင်း ကြုံနေရတဲ့ကိစ္စတွေ မဟုတ်လား . . .

ကျွန်တော်က အသက်အရွယ်အပိုင်းအခြားအရဆိုရင် 80’s တစ်ယောက်လို့ ပြောလို့ရပါတယ်။

ကျွန်တော့်အသက်အရွယ်ကလည်း ၄ ထိပ်စီးကို ပြောင်းလဲလာခဲ့တာ (၂)နှစ်လောက်ရှိခဲ့ပါပြီ။ နောက်ပြီး ကျွန်တော့်မှာ လူပျိုပေါက်အရွယ်ကို ဝင်စပြုနေပြီဖြစ်တဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

ကျွန်တော့်ရဲ့သားဖြစ်တဲ့သူကို ပြုစုပျိုးထောင်ဖို့ ကျွန်တော်ဟာ သူလမ်းလျှောက်တတ်တဲ့ အရွယ်ကတည်းကစပြီး စီမံကိန်းတွေ အမျိုးမျိုးချခဲ့ဖူးပါတယ်။

ကျွန်တော် ဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ်ကိုရောက်ဖို့ သိသိသာသာရော မသိမသာရော နည်းအမျိုးမျိုးသုံးပြီး ကြိုးစားခဲ့ဖူးပါတယ်။

ဆုံးမသွန်သင်မှုတွေ လမ်းကြောင်းညွှန်မှုတွေ လုပ်တဲ့အခါမျိုးမှာလည်း ကျွန်တော့်ကို ကျွန်တော့်မိဘတွေ ဆုံးမခဲ့တဲ့ပုံစံတွေ အဲဒီလိုဆုံးမခံရတဲ့အချိန် ကျွန်တော်ခံစားခဲ့ရတာတွေ ပြန်စဉ်းစားပြီး ပိုကောင်းမယ့် သွန်သင်မှုတွေကိုလည်း လုပ်ဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ ရလဒ်က ကျွန်တော်လိုချင်တဲ့ အခြေအနေအထိ မရောက်ခဲ့ဘူးလို့ ဝန်ခံရမှာပဲ။

မရောက်ခဲ့ရုံတင်မကဘူး တချို့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သားဖြစ်သူရဲ့ တွေးတောခံယူမှုတွေက ကျွန်တော်ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဘက်ဆီကိုတောင် ထွက်တာမျိုးတွေ ရှိလာပါတယ်။

အဓိကပြဿနာက ‘ခေတ်’ အခြေအနေနဲ့ လူမှုပတ်ဝန်းကျင် အနေအထားက သူတို့စဉ်းစားတဲ့ပုံစံကို ပြောင်းလဲစေပြီး ကျွန်တော်တို့ သွားစေချင်တဲ့ ဖြစ်စေချင်တဲ့ပုံစံက ဒီနေ့ခေတ်မှာ အံဝင်ခွင်ကျ ဖြစ်မနေခဲ့တာမျိုးတွေ ရှိနေလို့ပါပဲ။

အဲ . . . ဘောလုံးနည်းပြတွေအကြောင်း ပြောနေရင်းကနေ ဘယ်လိုဖြစ်လို့ ကိုယ်ရေးကိုယ်တာတွေ၊ မိသားစုကိစ္စတွေ ပါလာတာလဲ . . . ဆိုတာ ကျွန်တော်ရှင်းပြပါ့မယ်။

ကျွန်တော်ပြောခဲ့တဲ့ 80’s နည်းပြတွေနဲ့ ကျွန်တော်နဲ့ဆိုရင် အသက်အရွယ်အားဖြင့် မကွာခြားလှသလို ကြုံတွေ့လာခဲ့တဲ့ ခေတ်အခြေအနေနဲ့ စဉ်းစားတွေးခေါ်ပုံ ပြဿနာဖြေရှင်းပုံတွေက တော်တော်များများ တူညီနေပါတယ်။

အသက်အရွယ်နဲ့ ကြီးပြင်းလာခဲ့တဲ့ခေတ်က တူတာကိုး။ ကျွန်တော်တို့တွေက သွန်သင်ခံရတဲ့ ဘဝတုန်းက ဖြတ်ကျော်ခဲ့ရတဲ့အတွေ့အကြုံတွေကို ကျွန်တော်တို့ ‘သွန်သင်သူ’ တွေဖြစ်လာတော့ ပြန်အသုံးချပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အောက်မျိုးဆက်လို့ပြောရမယ့် 20’s ဝန်းကျင်မှာမွေးကြတဲ့သူတွေရဲ့ ရှင်သန်နေထိုင်မှုဘဝမှာ ဒီနည်းလမ်းတွေက အံဝင်ခွင်ကျ ဖြစ်မနေခဲ့ပါဘူး။

အထူးသဖြင့် ကျွန်တော်တို့ မျိုးဆက်နှစ်ခုဖြစ်တဲ့ 1980 နဲ့ 2000 ဆိုတဲ့ နှစ်ပေါင်း (၂၀)ကာလအတွင်းမှာ လူနေထိုင်မှုစရိုက်နဲ့ ပတ်ဝန်းကျင်တွေက အပြောင်းအလဲအများကြီး ဖြစ်ခဲ့တယ်။

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု၊ နည်းပညာ၊ လိုအပ်ချက်နဲ့ ဖြည့်ဆည်းမှု၊ နောက် လူနေမှုပတ်ဝန်းကျင်နဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက လေးစားမှု ဒါတွေအားလုံးက သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပြီမဟုတ်လား . . .

ကျွန်တော်တို့ မိဘတွေ ဒါမှမဟုတ် ကျွန်တော်တို့အပေါ်က မျိုးဆက်တွေရော ဒါမျိုးတွေကို ဖြတ်ကျော်ခဲ့ရသလား၊ သေချာပေါက် ဖြတ်ကျော်ခဲ့ရမှာပဲ။

ဒီလို အခက်အခဲတွေ ပြဿနာတွေဆိုတာ ကိုယ်တိုင်ခံယူချက်နဲ့ စဉ်းစားဉာဏ်ပေါင်းပြီး ဘယ်လို တိုးတက်အောင်လုပ်ရမလဲ ဆိုတဲ့ ‘အတွေ့အကြုံ’ ဆိုတဲ့ အဆောက်အအုံကို တည်ဆောက်ရမယ်ဆိုတာ တစ်စထက်တစ်စတော့ ပိုပြီးနားလည်လာပြီလို့ ထင်ပါတယ်. . .

ကျွန်တော်တို့ အသက်ရှင်နေတဲ့ ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ဘောလုံးအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်၊ ဒါတင်မကပဲ ဘယ်လိုအသိုင်းအဝိုင်း ဘယ်လိုနယ်ပယ်မျိုးပဲဖြစ်ဖြစ် ‘အတွေ့အကြုံ’ ဆိုတဲ့ အဖိုးတန် အရည်အသွေးဆိုတာ သီအိုရီတွေ ပုံသေနည်းတွေနဲ့ စဉ်းစားရုံနဲ့ ပြည့်စုံလာမှာ မဟုတ်သလို တစ်ယောက်က တစ်ယောက်ကို လက်ဆင့်ကမ်းပေးတဲ့ သွန်သင်မှုတွေကလည်း လက်တွေ့ဘဝမှာ ကွက်တိပြည့်စုံမှာ မဟုတ်ပါဘူး။

ဒါကလည်း ကျွန်တော်တို့လက်ထက်မှ ကြုံရတာမဟုတ်ပဲ လူသားတွေ သမိုင်းစကတည်းက လည်ပတ်နေခဲ့တဲ့ ‘မျိုးဆက်’ ပြဿနာပါ။

ဒါတွေကို ဖြေရှင်းဖို့ဆိုတာလည်း ‘အတွေ့အကြုံ’ လိုတာကြောင့် နာရီသံတွေကိုပဲ စောင့်မျှော်ပြီး အပြောင်းအလဲဆီကတစ်ဆင့် တိုးတက်မှုဆီကို တက်လှမ်းနိုင်မှ ‘အောင်မြင်သူ’ ဆိုတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း . . .

Facebook Comments Box
Facebook Comment