
နာမည်ကျော် This is Anfield စာသားကို မထိခဲ့သည့်အကြောင်းကို သီယာဂို ရှင်းလင်း
လီဗာပူးလ်အသင်းသို့ ရောက်ရှိလာသည့် မည်သူမဆို အန်ဖီးလ်ကွင်းအတွင်း ဝင်ရောက်ရာ လျှောက်လမ်းပေါ်မှ This is Anfield ဆိုသည့်စာသားနှင့် အသင်းလိုဂို ခပ်နှိပ်ထားသော ကြေးပြားကို ထိကိုင်လေ့ရှိသည်။
ကစားသမားသစ်၊ နည်းပြသစ်၊ အထူးဧည့်သည်တော်၊ ကမ္ဘာလှည့်ခရီးသည် မည်သူမဆို အဆိုပါ This is Anfield ကြေးပြားကို လက်ဖြင့်ထောက်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးလေ့ရှိပြီး အန်ဖီးလ်ကွင်း၏ အထင်ကရ အမှတ်အသားတစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း လီဗာပူးလ် ကွင်းလယ်ကစားသမားသစ် သီယာဂိုအယ်ကန်တာရာကမူ အသင်းနှင့် တရားဝင်စာချုပ်သည့်နေ့တွင် အန်ဖီးလ်ကွင်းအတွင်း ဝင်ရောက်ကာ ဓာတ်ပုံရိုက်ကူးခဲ့သော်လည်း This is Anfield ကြေးပြားကို မထိဘဲ အရှေ့တွင် ရပ်ရုံသာ ရပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
လီဗာပူးလ် ကစားသမားတိုင်း ထိုကြေးပြားကို ထိကိုင်လေ့ရှိသည်က အစဉ်အလာလို ဖြစ်နေသော်လည်း မိမိ မထိကိုင်ခဲ့သည့် အဓိကအချက်က အသင်း၏ ရိုးရာဓလေ့ကို လေးစား၍ ဖြစ်ကြောင်း အသက် ၂၉ နှစ်အရွယ် စပိန်လက်ရွေးစင် သီယာဂိုက ပြောသည်။
ဘိုင်ယန်မြူးနစ်မှ ပေါင် သန်း ၂၀ ဖြင့် ၄ နှစ်စာချုပ်ကာ ရောက်လာသော သီယာဂိုက လီဗာပူးလ်တွင် ကစားဖူးသော စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်၏ စကားတစ်ခွန်းကို ကြားဖူးသောကြောင့် This is Anfield စာသားပါ ကြေးပြားကို မထိခဲ့ခြင်းဟု ရှင်းပြသည်။

“တောရက်စ်ပြောတာ တစ်ခါကြားဖူးတယ်။ ဒီအမှတ်သင်္ကေတစာသားကို ထိကိုင်ဖို့က ဆုဖလားတွေရမှ ကိုင်သင့်တယ် ဆိုတာကိုပေါ့။ ကျွန်တော်က ဘာဖလားမှ မရ သေးတော့ မကိုင်ကြည့်တာပါ။ အသင်းရဲ့အစဉ်အလာကိုလည်း လေးစားရမယ်လေ။ ကျွန်တော့်မှာ အချိန်တွေ အများကြီးရှိပါသေးတယ်။ ဒီအသင်းမှာ ၄ နှစ်လောက် ဖြတ်သန်းရဦးမှာပါ” ဟု This is Anfield စာသားအား မထိကိုင်ခြင်းအပေါ် သီယာဂိုက ရှင်းပြသည်။
၎င်းသည် ချဲလ်ဆီးအား ၂ ဂိုးပြတ်အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်အတွက် လူစားဝင်ကစားကာ အင်္ဂလန်မြေ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားခဲ့ပြီး အောင်မြင်သည့် ဘောလုံးပေးပို့မှု ၇၅ ကြိမ်ပြုလုပ်ကာ လူစားဝင် ကစားသမားတစ်ယောက်အတွက် ပေးပို့မှုအများဆုံး စံချိန်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။
Ref:dailymail