နာပိုလီက ဘီနီဗန်တိုအား အနိုင်ရသည့်စီးရီးအေပွဲတွင် အင်ဆစ်နီ ညီနောင်နှစ်ဦး ဂိုးကိုယ်စီ သွင်းနိုင်ခဲ့ကြ

နာပိုလီက ဘီနီဗန်တိုကို အနိုင်ရရှိသည့် စီးရီးအေပွဲစဉ်တွင် ညီအစ်ကိုများ ဖြစ်ကြသည့် လိုရန်ဇိုနှင့် ရောဘတ်တို အင်ဆစ်နီတို့ ပြိုင်ဘက်အဖြစ် ရင်ဆိုင် တွေ့ခဲ့ကြပြီး ဂိုးကိုယ်စီ သွင်းယူနိုင်ခဲ့ကြသည်။

ညီဖြစ်သူ ရောဘတ်တို အင်ဆစ်နီသည် ပထမပိုင်းတွင် ဘီနီဗန်တိုအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးမှာ ရောဘတ်တိုအင်ဆစ်နီအတွက် ပထမဆုံး စီးရီးအေဂိုးလည်း ဖြစ်သည်။

ပထမပိုင်းအပြီးတွင် ၎င်းက “အရမ်းအရမ်းပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံး စီးရီးအေဂိုးကို ကျွန်တော့်အစ်ကိုအသင်းဘက်သို့ သွင်းခဲ့ရတာ စိတ်မ ကောင်းပါဘူး”ဟု ပြောကြားခဲ့သည်။

သို့ရာတွင် နာပိုလီအသင်းခေါင်းဆောင်လိုရန်ဇိုသည် ဒုတိယပိုင်းတွင် နာပိုလီအတွက် ချေပဂိုးကို လှပစွာ သွင်းယူပြီး ပြန်လည်ချေပခဲ့သည်။ နာပိုလီအတွက် အနိုင်ဂိုးကို အင်ဒရေ ပီတာဂနာက သွင်းယူခဲ့သည်။

စီးရီးအေတစ်ပွဲတည်းတွင် ညီအစ်ကိုနှစ်ဦး ဂိုးသွင်းယူနိုင်မှု ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၉ ခုနှစ်တုန်းက အင်တာမီလန်နှင့် လာဇီယိုတို့ ပွဲစဉ်တွင် ဟန်ဂေရီ ညီနောင်များ ဖြစ်ကြသည့် အစ်ဗန်နှင့် ဖီရင့်နိုင်ယာတို့ကလည်း ဂိုးသွင်းယူခဲ့ကြဖူးသည်။

ရောဘတ်တို အင်ဆစ်နီသည် စီးရီးအေ ပထမဆုံးဂိုး ရရှိသွားခဲ့ပြီ ဖြစ်သလို လိုရန်ဇို အင်ဆစ်နီမှာလည်း နာပိုလီအတွက် ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၉၂ ဂိုး ရှိသွားပြီဖြစ်ရာ ဂိုးရာပြည့်သွင်းရန် နီးစပ်လာပြီ ဖြစ်သည်။

အင်ဆစ်နီ ညီနောင်နှစ်ဦးစလုံးတို့သည် နေပယ်တွင် မွေးဖွားကြသူများ ဖြစ်သည်။ ရောဘတ်တိုသည် ကစားသမားဘဝကို နာပိုလီတွင်ပင် စတင်ကာ ၂၀၁၂ ခုနှစ်တုန်းက ယူရိုပါလိဂ်ပွဲမှာ နာပိုလီအတွက် ပထမဆုံးပွဲကို ကစားခွင့် ရခဲ့သည်။ သို့ရာတွင် သူသည် နာပိုလီတွင် ပုံမှန်ကစားခွင့် ရရှိရန် ရုန်းကန်ရမှုနှင့်အတူ ခြောက်ကြိမ်တိုင်တိုင် အငှားဖြင့် ထွက်ကစားခဲ့ရသည်။

သူသည် ပီရူဂျီယာ၊ ရက်ဂျီနာ၊ အဗယ်လီနို၊ လာတီနို၊ ပါးမားသို့ အငှားဖြင့် ပြောင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဗန်နီဘန်တိုသို့ ပြောင်းခဲ့သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ဗန်နီဘန်တိုကို စီးရီးအေသို့ ပြောင်းခဲ့သည်။

အင်ဆစ်နီ ညီနောင်မှာ စီးရီးအေတွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးကြသည့် ပထမဆုံး ညီနောင်မဟုတ်ပါဘူး။ ဖရန်ကိုနှင့် ဂူဆစ်ပီဘာရီဆီ၊ ဖေဘီယိုနှင့် ပါဘို ကန်နဗာရိုး၊ ဖီလစ်ပိုနှင့် ဆီမြွန်နီအင်ဇာဂီ၊ ခရစ္စတီယာနိုနှင့် အလက်ဇန္ဒရို လူကာရယ်လီ၊ ဆီဘာစတီယန်နှင့် နီကိုလပ်စ်ဖရေးတို့မှာ စီးရီးအေတွင် ကျင်လည်ခဲ့ကြသည့် နာမည်ကျော်ညီနောင်များ ဖြစ်သည်။

File: [SentimentiFratelli.jpg] | Mon, 26 Oct 2020 03:42:13 GMT LazioWiki: progetto enciclopedico sulla S.S. Lazio www.laziowiki.org

၁၉၄၀ ခုနှစ်များနှင့် ၁၉၅၀ ခုနှစ်များတွင် ဆန်တီမင်တီ ညီနောင်ငါးဦးဖြစ်သည့် လူစီဒီယို၊ ဗစ်တိုရီယို၊ ပရီမို၊ အန်နီယိုနှင့် အာနယ်ဒိုတို့မှာ စီးရီးအေတွင် ကစားခဲ့ဖူးကြပြီး လူစီဒီယိုနှင့် ဗစ်တိုရီယိုတို့မှာ ဂျူဗင်တပ်တွင် တစ်သင်းတည်း ကစားခဲ့ကြဖူးသည်။ ၎င်းတို့ညီနောင်ငါးဦးထဲမှာ လူစီဒီယိုတစ်ဦးတည်းသာလျှင် အီတလီလက်ရွေးစင်အတွက် ကစားခွင့်ရခဲ့သည်။

Facebook Comments Box
Facebook Comment