
နယ်သာလန် ကစားသမားများ၏ လွှမ်းမိုးမှုကြောင့် မန်ယူသို့ပြောင်းရွှေ့ခဲ့ဟု ဗန်ဒီဘိခ် ဖွင့်ဟ
မန်ယူကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်က နယ်သာလန်ကစားသမားများကြောင့် မန်ချက်စတာအခြေစိုက်ကလပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်သည် ဘာစီလိုနာအပါအဝင် ဥရောပ ထိပ်တန်းကလပ်အချို့၏ စိတ်ဝင်စားခြင်း ခံခဲ့ရသော်လည်း မန်ယူအသင်းသို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
ချန်ပီယံလိဂ် ဝင်ခွင့်ရထားသော မန်ယူသည် အေဂျက်စ်အတွက် ပြိုင်ပွဲစုံ ၁၇၅ ပွဲတွင် ၄၁ ဂိုးသွင်းထားသော ဗန်ဒီဘိခ်အတွက် နောက်ထပ် ပေါင် ၅ သန်း ထပ်မံပေးချေရမည်ဖြစ်ရာ ၎င်း၏ အပြောင်းအရွှေ့အတွက် ပေါင် သန်း ၄၀ ခန့် သုံးစွဲခဲ့သည်ဟု ဆိုနိုင်သည်။

မန်ယူတွင် ဗန်ဒါးဆား၊ နစ္စတယ်ရွိုင်း၊ ဗန်ပါစီ၊ ဒါလေဘလင်း၊ ဒီပိုင်း အပါအဝင် နယ်သာလန် ကစားသမားများ ကစားဖူးရာ ဗန်ဒီဘိခ်က အိုးလ်ထရက်ဖို့ဒ် အခြေစိုက်ကလပ်သို့ နောက်ဆုံးရောက်ရှိလာသော ဒတ်ချ်ကစားသမားလည်း ဖြစ်သည်။
မန်ယူနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ စာချုပ်ခဲ့သော ဗန်ဒီဘိခ်က မန်ချက်စတာတွင် ခြေစွမ်းပြခဲ့သော နယ်သာလန်ကစားသမားများ၏ လွှမ်းမိုးဆွဲဆောင်မှုများကြောင့် ပရီးမီးယားလိဂ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများရရှိရန် ကြိုးစားသွားမည်ဟု ဆိုသည်။
“ငယ်ငယ်ကတည်းက ယူနိုက်တက်ရဲ့ပွဲတွေကို အများကြီး ကြည့်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာ ဒတ်ချ်ကစားသမားတွေ အများကြီးကစားခဲ့ပြီး ကလေးတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံသားတွေ ကစားတာကို ထိုင်ကြည့်ရတာကိုက တကယ်ကောင်းပါတယ်။ ဘလင်း၊ ဗန်ဒါဆား၊ ဗန်ပါစီတို့ကို ကြည့်လိုက်။ သူတို့တွေက ဆုဖလားတွေ အများကြီးရခဲ့ပြီး ယူနိုက်တက်ရဲ့ကစားပုံကလည်း အမြဲတမ်း ကောင်းတယ်” ဟု ဗန်ဒီဘိခ်က ပြောသည်။
ထို့အတူ မန်ယူတွင် မိမိလို လူငယ်ကစားသမား အများစုရှိသောကြောင့် ကြီးမားသော အခွင့်အ ရေးဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးကူညီပေးသွားမည်ဟုလည်း ၎င်းက ဆို သည်။
Ref:dailymail