
နယူးနော်မယ်နဲ့ ဘောလုံးရပ်ဝန်း
မောင်ဖိုးကွန့်
‘ ဒီနှစ် EPL က ရာသီအဖွင့်မှာကတည်းက ပုံမှန်နဲ့မတူဘူး နည်းနည်းတော့ တစ်မျိုးဖြစ်နေတယ်လို့ ထင်မိတယ်။ ဒီလိုအမြင်က “ကိုယ်တစ်ယောက်တည်း အတွေးခေါင်နေတာပါလေ” ဆိုပြီး လျစ်လျူရှုထားခဲ့တာပါ။
ဒါပေမဲ့ တစ်ပတ်ထက်တစ်ပတ် ကိုယ်တွေးမိတဲ့ ပုံစံနဲ့ တဖြည်းဖြည်း ပိုတူလာပြီ။ ဟုတ်တယ်။
EPL သွားနေတဲ့ပုံစံက ကျွန်တော်တို့ နှစ်တိုင်းမြင်တွေ့နေကျ (၄-၅)သင်းလောက်ပဲ ချန်ပီယံလု၊ ကျန်တဲ့အသင်းတွေက တန်းမဆင်းရဖို့ ရုန်းတဲ့အသင်းရုန်း၊ ဥရောပပွဲကန်ဖို့ မှန်းတဲ့အသင်းကမှန်း ဒီလောက်ထက် မပိုဘူးလေ။
ဒီနှစ် ချန်ပီယံပြေးလမ်း ဆိုတာရော ရှိမှာလား။ ဒါကို စိန်ခေါ်မယ့်အသင်းတွေက ဘယ်အသင်းတွေလဲ. . . ဟုတ်တယ်။
ပွဲစဉ် (၆)ပွဲပဲ ကစားရသေးတယ် မရှုံးတဲ့အသင်း မရှိတော့သလို ရာသီအစက ဂိုးတွေတဒိုင်းဒိုင်း သွင်းနေတဲ့ပုံစံက ဂိုးတစ်ဂိုးတည်းနဲ့ အဆုံးအဖြတ် ဖြစ်တဲ့ပွဲတွေ ပိုများလာခဲ့ပြီ။
နောက် ခြေစွမ်း တည်ငြိမ်ကောင်းမွန်တယ် ဆိုတဲ့ Consistent ကောင်းတဲ့ အသင်းလည်း မတွေ့သေးတော့ EPL ရဲ့အသွားအလာက အရမ်း ရမ်းကားလို့မဖြစ်တဲ့ ပုံစံကို ရောက်လာခဲ့ပြီ . . .သတိထားမှ’

ဒီအတွေးက EPL ပွဲတွေ ပွဲကြိုခန့်မှန်းအတွက် Data ရှာရင်း တွေးမိတာပါ။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ တွေးမိတာက EPL ပဲ ဒီလိုဖြစ်နေတာလား။
မဟုတ်ဘူးဗျ . . .။ ဥရောပရဲ့ လူစိတ်ဝင်စားမှု အများဆုံး လိဂ်ကြီး (၅)လိဂ်မှာလည်း ဒီလိုပဲ။ ဒီလိုဆိုတာက အဲဒီထိပ်သီးလိဂ်တွေက အသင်းကြီးလို့ အမည်ပေါက်နေတဲ့ အသင်းတွေရဲ့တည်ငြိမ်မှုမရှိ ခြေစွမ်းအတက်အကျက အရမ်းမြန်နေတဲ့ ပြဿနာ အခြေခံပဲ။
တကယ်တမ်းဆိုရင် အသင်းကြီးတွေမို့လို့ သိသာနေတာ။ ခြေစွမ်း အတက်အကျမြန်တာက အသင်းလတ်၊ အသင်းငယ် အားလုံးလိုလိုပဲ။
တစ်ခုတော့ရှိတယ်။ တချို့တည်ငြိမ်တဲ့အသင်းတွေပေါ့။ ခြေစွမ်းအတက်အကျ မရှိသလောက်ပဲ . . .အဲ . . .အတက်မရှိသလောက်ပဲလို့ ပြောမှ မှန်မယ်ထင်တယ်။ ဆက်ကျစရာ မရှိတော့တဲ့ ခြေစွမ်းမှာ ငြိမ်နေတာမျိုးပေါ့။
အတက်အကျမြန်တဲ့ အသင်းတွေက အများစုဆိုတော့ တွေ့တဲ့ပွဲတိုင်းက အလှူလို ဂိုးသွင်းတဲ့ပွဲကသွင်း၊ မိနစ်(၉၀)လုံး တစ်ချက်မှ မပျင်းရအောင် ကောင်းတဲ့ပွဲတွေ ရှိသလို တစ်ပွဲလုံး ပြိုင်ဘက်ဂိုးပေါက်ကို တစ်ခါစီလောက်ကန်ပြီး ပွဲသိမ်းတဲ့အထိ ပျင်းစရာကောင်းတဲ့ ပွဲတွေလည်း ရှိနေတယ်။
‘ဒီဘဲ ရူးကြောင်မူးကြောင်နဲ့ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတယ်’ လို့ အပြစ်တင်လို့ မရလေအောင် ကျွန်တော်ပြောခဲ့တဲ့ အခြေအနေတွေကို သက်သေပြနိုင်တဲ့ Data တွေ ရှိပါတယ်။
နောက် . . .ဘောလုံးပွဲ ကြည့်တာကလွဲပြီး တခြား ဘာမှလုပ်လို့မရတဲ့ အခြေအနေကြောင့် ဘောလုံးပွဲတွေကို အားကြိုးမာန်တက် ကြည့်ဖြစ်နေတာကြောင့် အခုလို ရဲရဲတင်းတင်း ပြောရဲတာပါ။ ဒီအခြေအနေကို သက်သေပြနိုင်တဲ့ အချက်အလက်တချို့ကို ကျွန်တော်ပြောပြပေးမယ်ဗျ . . .
ဥရောပ ထိပ်သီး (၅)လိဂ်လို့ခေါ်တဲ့ ပရီးမီးယားလိဂ်(အင်္ဂလန်)၊ လာလီဂါ(စပိန်)၊ စီးရီးအေ(အီတလီ)၊ ဘွန်ဒက်စ်လီဂါ(ဂျာမနီ)နဲ့ လီဂူး-၁ (ပြင်သစ်)လိဂ်တွေ အကုန်လုံးမှာရှိတဲ့ Favourite အသင်းတွေအားလုံး လက်ရှိအချိန် အမှတ်ပေးဇယားရပ်တည်မှု ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကြည့်ရအောင်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၅)သင်းစာရင်းမှာ ချန်ပီယံလောင်းလို့ သတ်မှတ်ခံထားရတဲ့ အသင်းကြီး (၆)သင်းစာရင်းဝင်ဆိုလို့ လီဗာပူး(အဆင့်၂)နဲ့ စပါး(အဆင့်၅) နှစ်သင်းပဲရှိပါတယ်။ ကျန်တဲ့ ၄ သင်းက ချယ်ဆီး(၁၀)၊ အာဆင်နယ်(၁၁)၊ မန်စီးတီး(၁၃)နဲ့ မန်ယူနိုက်တက်(၁၅) ဖြစ်ပါတယ်။
ရာသီအစပဲ ရှိသေးတာကိုးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရာသီအဖွင့်မှာ အခုလို အသင်းကြီးတွေ တညီတညွတ်တည်း ပုံပျက်ပန်းပျက်ဖြစ်နေတာ ကျွန်တော်တစ်ခါမှ မကြုံဖူးပါဘူး။

‘ဒါက ရပ်တည်မှုကိုပဲကြည့်လို့ ဒီလိုပြောတာပါ’ လို့ မထင်ပါနဲ့။ ကျွန်တော် အဲဒီအသင်းတွေ ကစားတဲ့ ပွဲအကုန်လုံး မဟုတ်ရင်တောင် (၉၀)ရာခိုင်နှုန်းလောက်တော့ ကြည့်ဖြစ်လို့ ဒီအသင်းတွေရဲ့မတည်ငြိမ်မှုကို မြင်နေရပါတယ်။
ဒီထက်နည်းနည်း ပိုစူးစမ်းမယ်ဆိုရင် ဒုတိယနေရာ ရောက်နေတဲ့ လက်ရှိချန်ပီယံလီဗာပူး။ အဆင့်၂ နေရာသာ ရောက်နေတယ် ၆ ပွဲကစားပြီးတဲ့အချိန် ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ဂိုးကွာခြားမှုက (+၁)ပဲရှိတယ်။
သူနိုင်ထားတဲ့ အသင်းတွေက လိဒ်စ်၊ အာဆင်နယ်၊ ချယ်ဆီး၊ ရှက်ဖီး။ သရေကျတာက အဲဗာတန်။ ရှုံးတာက ဗီလာ။ အာဆင်နယ်၊ ချယ်ဆီး၊ လိဒ်စ်၊ အဲဗာတန်တို့နဲ့ ကစားတဲ့ပွဲတွေမှာ ကစားပုံကောင်းတယ် ပြောမရရင်တောင် တော်တော်အဆင်ပြေတယ်။
ဗီလာ၊ ရှက်ဖီးတို့နဲ့ ကစားတဲ့ပွဲတွေမှာတော့ ဒါလား ချန်ပီယံလို့မေးရလောက်တယ်။ ပြောရင် အရမ်းရှည်မှာစိုးလို့ တချို့အချက်တွေပဲ ပြောပြမယ်။
မနှစ်က ဒုတိယဆုရှင် မန်စီးတီးအသင်းက လက်ရှိ အဆင့်(၁၃)နေရာမှာ တစ်ပွဲလျော့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးပေါ့။ ဂိုးကွာခြားချက်က (ဝ)ဖြစ်ပါတယ်။
အဲဒါ ပွဲစဉ်(၅)မှာ အာဆင်နယ်ကို (၁-ဝ)နဲ့နိုင်လို့ (ဝ)ဖြစ်နေတာဖြစ်ပြီး ဂိုးကွာခြားချက်မှာ (-)လက္ခဏာ မဖြစ်တာ။ EPL က Commentators တွေပြောတဲ့ အချက်အလက်အရ မန်စီးတီးဟာ ပက်ပ်ဂွါဒီယိုလာ လက်ထက်မှာ တစ်ခါမှ ဂိုးကွာခြားချက် (-)လက္ခဏာ မပြဖူးဘူးတဲ့။
ဒါက လူအများကြည့်ဖြစ်တဲ့ EPL ဆိုတော့ အခြေအနေက ကျွန်တော်ပြောသလို ဖြစ်နေတယ်ဆိုတာ ပွဲကြည့်များတဲ့လူဆို သေချာပေါက်ကို သိနေမှာပါ။ အခုပွဲစဉ်(၆)ပဲ ရှိသေးတယ် မရှုံးဖူးတဲ့အသင်းဆိုတာမှ မရှိတော့ပဲ။ အဲဒီလိုတွေဖြစ်နေတာ EPL ပဲလား . . .
လာလီဂါမှာလည်း ထူးမခြားနားပါပဲ။ ဥရောပမှာတောင် ဘုရင်တွေလို့ အမည်ခံလာတဲ့ ရီးယဲလ်က အဆင့်(၂)၊ အက်သလက်တီကိုက အဆင့်(၅)၊ ဘာစီလိုနာက အဆင့်(၁၂)တဲ့ . . .
လာလီဂါကိုတော့ EPL လောက် မကြည့်ဖြစ်တာ မှန်ပေမယ့် အယ်လ်ကလက်စီကို၊ ချန်ပီယံလိဂ်နဲ့ Highlight က မြင်ရတွေ့ရတဲ့ အခြေအနေအရဆို အဲဒါ ရီးယဲလ်၊ ဘာစီ မဟုတ်ဘူး အဲဒီအသင်းအင်္ကျီ ဝတ်ကန်နေတဲ့ တခြားအသင်းတွေလို့ ထင်ချင်စရာတောင် ကောင်းတယ်။
စီးရီးအေမှာလည်း ဖြစ်တာပဲလား။ 2011-12 ဘောလုံးရာသီကစပြီး (၉)နှစ်ဆက် ချန်ပီယံဘွဲ့ခံထားတဲ့ ဂျူဗင်တပ်စ် ရာသီအဖွင့် ဆမ်ဒိုးကို (၃-ဝ)နဲ့နိုင်ပြီးတဲ့နောက် အခုပွဲစဉ်(၅) ပြီးတဲ့အထိ တစ်ပွဲမှ မနိုင်သေးဘူး။

အဲ . . .နာပိုလီ လာမကန်လို့ တစ်ပွဲတော့ (၃-ဝ) ဆိုတဲ့ အနိုင်ရထားတဲ့ အမှတ်တော့ရှိတာပေါ့။ ရော်နယ်ဒို မပါနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းလူအင်အား အနေအထားက မဆီလျော်လှဘူးလေ။
တခြား ထိပ်သီးအမည်ခံ အသင်းတွေထဲ နာပိုလီကတော့ ရလဒ်ပိုင်းအရ မိုက်နေတယ်။ ဒါပေမဲ့ ကစားပုံက သိပ်မစွံလှသေးဘူး။ ထိပ်ဆုံးက အေစီမီလန်လည်း ထိုနည်းလည်းကောင်းပဲ။
အင်တာမီလန်ကတော့ အဆင့်(၅)ရောက်ပြီး ရိုးမား(၉)၊ လာဇီယို(၁၂) ဖြစ်နေတယ်။
ဂျူဗီလို သူ့လိဂ်မှာတော့ သူချည်းပဲဆိုတဲ့ (၈)နှစ်ဆက် ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ် ပွဲစဉ် (၂)မှာကတည်းက ဟော့ဖန်ဟိမ်းကို (၄-၁)နဲ့ ရှုံးပြီးပြီဖြစ်သလို ပြင်သစ်လိဂ်ရဲ့နောက်ဆုံး(၈)နှစ်မှာ (၇)ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ PSG က အဖွင့်ပွဲမှာကတည်းက မာဆေးကို ရှုံးခဲ့တယ်။
ဒီလိဂ်တွေမှာ ဘိုင်ယန်နဲ့ PSG တို့က သူတို့နောက်က ကပ်နိုင်တဲ့အသင်းတွေနဲ့ တော်တော်ကွာတဲ့ အနေအထားမို့ ထိပ်ပြန်ရောက်နေကြတယ် ဆိုပေမယ့် ခြေစွမ်းက တစ်နေ့ရွှေ တစ်နေ့ငွေဆိုတာ တချို့ပွဲတွေကြည့်ရင် သိသာပါတယ်။
ကျွန်တော်က အသက်(၁၀)နှစ် မပြည့်ခင်ကတည်းက ဘောလုံးပွဲကြည့်တဲ့ အလုပ်ကို ခုံခုံမင်မင် လုပ်ခဲ့တဲ့သူပါ။ လိဂ်တွေမှာ အသင်းကြီးတွေ တည်ငြိမ်မှု ပျောက်တဲ့အခါတွေလည်း ကြုံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒါမျိုး လိဂ်တွေအားလုံးမှာ ထိပ်သီးတွေ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတော့ မတွေ့ဖူးခဲ့ဘူး။ ဒါကလည်း အခုကမ္ဘာကြီးရဲ့အခြေအနေက ပေါက်ဖော်တို့ လက်ဆောင် မောင်ဗစ်ကြောင့် ဗရုတ်သုက္ခ ဖြစ်နေတာတွေနဲ့ သက်ဆိုင်မှု၊ သက်ရောက်မှုက အနည်းနဲ့အများ ရှိနေတာ သေချာတယ်။
ဒီကိုဗစ်ကာလမှာ ဒီလိုဖြစ်နေတာက ခဏလောက် ဖြစ်နေတာလား ဒါမှမဟုတ် နယူးနော်မယ် (New Normal) ဆိုတဲ့ အခြေအနေဆီ ဦးတည်နေတာမျိုးများလား . . . စဉ်းစားမိတဲ့ အကြောင်းလေး ဝေမျှပေးခြင်း သက်သက်ပါ . . .