နတ်ဘုရားကြီးရဲ့ ဇာတ်တော်ထဲက အလွမ်းဆုံး

၂၀၁၂ နိုဝင်ဘာ ၁၂ ရက်။
ဆွီဒင်နိုင်ငံမြို့တော်
စတော့ဟုမ်းက ဖရန်းစ်အရီနာကွင်း။
ဆွီဒင်နဲ့ အင်္ဂလန် ခြေစမ်းတယ်။
အိမ်ရှင်က ၄-၂ နဲ့ နိုင်တယ်။
ခြေစမ်းပွဲမှာ အနိုင်ရတာ မဆန်းဘူး။
ဆန်းတာက ဆွီဒင်ကပ္ပတိန်
ဇလာတန် အီဘရာဟီမိုဗစ်က
တဦးတည်း ၄ ဂိုးသွင်းခဲ့တာ။

ဘောလုံးဘိုးအေ အင်္ဂလန်က
သူ့ရဲ့ လက်ရွေးစင်ဘဝမှာ
၄ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက်အသင်း။
ပထမအသင်းက မော်လ်တာ။
အင်္ဂလန်နဲ့ပွဲမှာ သူ့ရဲ့ စတုတ္ထမြောက်
သွင်းဂိုးက အခုချိန်အထိ
ပြောစမှတ် ဖြစ်နေတုန်းပဲ။

နာကျင်အချိန်ပို ၁ မိနစ်မှာ
ဆွီဒင်ကစားသမားတဦး
ကန်တင်လိုက်တဲ့ ဘောလုံးက
တချက်ထောက်ကာ ဂိုးဧရိယာထိပ်နား
ကျလာတော့ အင်္ဂလန်ဂိုးသမား
ဂျိုးဟတ်က ရှေ့တက်ပြီး
ခေါင်းတိုက်ဖျက်ထုတ်တယ်။
ဘောလုံးက ရှေ့သိပ်မရောက်ဘဲ
ခပ်လှမ်းလှမ်းမှာရှိနေတဲ့
အီဘရာဟီမိုဗစ် ခေါင်းပေါ်ဝဲနေတာပေါ့။
ဒါကို မိုဗစ်က လှည့်တောင်မကြည့်ဘဲ
ဘိုင်စကယ်ကစ်နဲ့ ကန်လိုက်တာ
ဂိုးထဲ တန်းနေတာပဲ။

၃၅ ကိုက်အကွာက ကန်သွင်းလိုက်တဲ့
ဂိုးက ၂၀၁၃ ဖီဖာပွတ်ရှ်ကပ်စ်
အကောင်းဆုံးသွင်းဂိုးဆု
ရရှိခဲ့တယ်။ ဆွီဒင်အတွက်လည်း
ဖရန်းစ်အရီနာမှာ အင်္ဂလန်ကို
ပထမဆုံးအကြိမ် အနိုင်ရခဲ့တာပါ။
နတ်ဘုရားကြီးလို့ သူ့ကိုယ်သူ
အမည်ပေးထားတဲ့ မိုဗစ်ရဲ့ဘဝမှာ
ဒီလိုမျိုး စွဲမက်စရာသွင်းဂိုးတွေက
အများကြီး ရှိခဲ့တယ်။

ပြိုင်ဘက်ကစားသမားတွေ၊
နည်းပြတွေကို သူက
စကားနာထိုးတာတွေကလည်း
ရယ်စရာကောင်းတယ်။
မော်ရင်ညိုတောင် သူ့လောက်
ဆရာမကျဘူး။ ဥရောပ
ထိပ်တန်းအသင်းကြီးတွေမှာ
ကျင်လည်ဖူးတဲ့ မိုဗစ်ဟာ
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး
တယောက်အဖြစ်
သတ်မှတ်ခံထားရတာပေါ့။

ကျားကုတ်ကျားခဲ ကစားတယ်။
အနိုင်ရဖို့ အဓိက၊ ကျန်တာ သာမည
ဆိုတဲ့မူက မိုဗစ်ရဲ့ လက်ကိုင်ဆောင်ပုဒ်။
အခုတော့ ၄၁ နှစ်အရွယ် နတ်ဘုရားကြီးက
ဗြုန်းကနဲ ဒိုင်းကနဲ အနားယူပြီလို့
ကြေညာလိုက်တယ်။ အဲဒီလို
လုပ်တတ်တာကိုက သူ့ရဲ့ဗီဇ။

“အသင်းသားတွေနဲ့ နည်းပြက
ကျွန်တော် ဒီလိုဆုံးဖြတ်မှာကို
ဘယ်သူမှ မသိကြဘူး။
အခုတော့ ကျွန်တော်က
များပြားတဲ့ အတွေ့အကြုံနဲ့
လွတ်လပ်တဲ့ လူတယောက်
ဖြစ်သွားပြီ။ ကျွန်တော့်ဘေးနား
ရှိခဲ့တဲ့သူတွေအားလုံးကို
ကျေးဇူးတင်တယ်။ သူတို့က
ကျွန်တော့်ကို စွမ်းအားတွေပေးလို့
ရှေ့ဆက်နိုင်ခဲ့တာပါ။ ကျွန်တော့်အတွက်
အားလုံးလုပ်ပေးခဲ့တဲ့ မီလန်ကိုလည်း
ကျေးဇူးတင်ပါတယ်”

နတ်ဘုရားကြီးရဲ့ တော်ကီတွေကို
ကျွန်တော်တို့ အရင်လို
မကြားနိုင်တော့တာ၊ ကစားဟန်တွေကို
မမြင်နိုင်တော့တာက ဆားမပါတဲ့
ဟင်းလို ပေါ့ပျက်ပျက်ဖြစ်နေမလား…

Facebook Comments Box
Facebook Comment