နည်းပြ ပီအိုလီ COVID-19 ကူးစက်ခံထားရ၍ လေ့ကျင့်ရေးအစီအစဉ်ကို အေစီမီလန် ဖျက်သိမ်း

စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်က ၎င်းတို့၏နည်းပြ စတီဖာနိုပီအိုလီ COVID-19 ကူးစက်ခံထားရသည်ဟု အတည်ပြု ကြေညာလိုက်ပြီး လေ့ကျင့်ရေး အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်သည်။

အသက် ၅၅ နှစ်အရွယ် ပီအိုလီသည် ယနေ့နံနက်က ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက် အေစီမီလန်က အသင်း၏ လေ့ကျင့်ရေးအစီအစဉ်အား ရပ်ဆိုင်းရန် ညွှန်ကြားထားသည်။

လာဇီယို၊ အင်တာမီလန်၊ ပါးမား၊ ဖီအိုရင်တီးနား စသည့် အီတလီ ကလပ်ပေါင်းများစွာကို ကိုင်တွယ်ဖူးသော ပီအိုလီသည် လက်ရှိတွင် နေအိမ်၌ ကွာရန်တင်း ဝင်နေသလို အခြေအနေ တည်ငြိမ်ကြောင်းလည်း မီလန်အခြေစိုက် ကလပ်က ကြေညာသည်။

အေစီမီလန်၏ ကြေညာချက်ထဲတွင် “ဒီနေ့မနက်က ပြုလုပ်တဲ့ လျင်မြန်တဲ့ ဆေးစစ်မှု ရလဒ်အရ နည်းပြပီအိုလီ COVID-19 ကူးစက်ခံထားရကြောင်း ကြေညာလိုပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေက ပီအိုလီဟာ လတ်တလောမှာ ရောဂါလက္ခဏာ ပြသတာမျိုး မရှိဘဲ နေအိမ်မှာ ကွာရန်တင်း ဝင်ခိုင်းထားတယ်လို့ ပြောပါတယ်။

အခြား ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့အဖြေကတော့ Negative ထွက်ပါတယ်။ ရလဒ်ကတော့ ဒီနေ့ပြုလုပ်မယ့် လေ့ကျင့်ရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေအရ နာပိုလီနဲ့ကစားမယ့်ပွဲအတွက် လေ့ကျင့်မှုတွေကို တနလာၤနေ့မှာ ပြန်လည်ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပါရှိသည်။

ပီအိုလီသည် အေစီမီလန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး ယခင်က အီဘရာဟီမိုဗစ်၊ ဒွန်နာရမ်မာ၊ ယန်းစ်ပက်တာဟော့၊ မက်တီယိုဂတ်ဘီယာတို့လည်း ကူးစက်ခံခဲ့ရဖူးသည်။

Ref:acmilan

Facebook Comments Box
Facebook Comment