နည်းပြတစ်ယောက်ရဲ့ Coaching Style နဲ့ အခြေခံအကျဆုံး လိုအပ်ချက်

မောင်ဖိုးကွန့်

ကျွန်တော်က ဘောလုံးပွဲတွေနဲ့ပတ်သက်ရင် စိတ်အဝင်စားဆုံးက နည်းစနစ်/နည်းဗျူဟာတွေနဲ့ အဲဒါတွေကို ကိုင်တွယ်ထိန်းချုပ်ရတဲ့ နည်းပြဆရာတွေ siteကို ကြည့်ရတဲ့အပိုင်း ဖြစ်ပါတယ်။

ကိုယ်တိုင် နည်းပြရတာမျိုးကို သိပ်မကြိုက်ပေမယ့် နည်းပြတွေရဲ့ အတွေးနဲ့ ရွှေ့ကွက်တွေကို ကြည့်ရတာကို စိတ်ဝင်စားတာ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်ပါးပြီး နားနားနေနေ ဖြစ်တဲ့အချိန်မျိုးဆို နည်းပြတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေက ဘာကြောင့်လဲ ဘယ်ရွှေ့ကွက်မှားလဲ ဘယ်ခြေလှမ်းက ကောင်းလဲဆိုတာမျိုးကို စဉ်းစားရတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင် စိတ်အပန်းဖြေမှုတစ်ခု ဖြစ်ပါတယ်။

နည်းပြတစ်ယောက်ရဲ့ အလုပ်က ဘာတွေလဲ။ အဲဒီနေရာက စစဉ်းစားကြည့်တယ်။ နည်းပြဆိုမှတော့ ဘယ်လိုဘောလုံးကန်လဲ ပြပေးတာပေါ့။ မဟုတ်ဘူး။ အဲဒါက Coach လို့ခေါ်တဲ့ ‘နည်းပြဆရာ’ တွေအလုပ်။

ကျွန်တော် ဦးတည်တာက ‘နည်းပြချုပ်’ ဒါမှမဟုတ် ‘မန်နေဂျာ’ လို့ခေါ်တဲ့ လူတွေအကြောင်းပါ။ ဒါကြောင့် Coach တွေက နည်းပြချုပ်တွေ ဖန်တီးတဲ့ ယန္တရားတစ်ခုမှာဆို ပင်နယံတစ်ခုလိုမျိုး နေရာမှာပဲရှိပါတယ်။

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ မန်နေဂျာပဲခေါ်ခေါ်၊ နည်းပြချုပ်ပဲပြောပြော အဲဒီပုဂ္ဂိုလ်တွေရဲ့အခန်းကဏ္ဍက အရမ်းကို ရှုပ်ထွေးများပြားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး၊ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို အချိုးချရတဲ့ အလုပ်လို့ ယေဘုယျ သဘောအားဖြင့် ပြောလို့ရပါတယ်။

အဲဒီလိုတွေးတာက ဘာမှန်းမသိတဲ့ ဝေါဟာရတွေနဲ့ ရှုပ်ပြီး လိုရင်းမရောက်ဘူး။ နည်းနည်းနဲ့ ထိထိရောက်ရောက် ပြောရအောင်ဗျာ . . .

ဒီနေ့ခေတ် နည်းပြချုပ် ဒါမှမဟုတ် မန်နေဂျာ(နောက်ပိုင်းမှာ ဒီရာထူးကို နည်းပြလို့ပဲဆက်သုံးသွားပါမယ်)တစ်ယောက်အတွက် အသင်းတစ်သင်းကို တည်ဆောက်ရတာက ကျွန်တော်တို့ငယ်ငယ်က Lego ကစားတာနဲ့ သဘောတရား သွားဆင်တယ်။

ခေါင်းထဲမှာရှိတဲ့ အတွေးနဲ့ ကိုယ့်မှာရှိနေတဲ့ Lego တုံးလေးတွေကို ဆက်ပြီး ကိုယ်လိုချင်တဲ့ ပုံစံရအောင် လုပ်ရတာမဟုတ်လား။ အဲဒီမှာ အတွေးကောင်းသလို အတုံးတွေကို နေရာချတာ ကျွမ်းကျင်ရင် ထွက်လာတဲ့အရုပ်က လှလှပပ ကောင်းကောင်းမွန်မွန် ဖြစ်မှာပါ။

အတွေးတော့ကောင်းပါရဲ့ ဒါပေမဲ့ တုံးတွေကို အချိုးညီအောင် မဆက်တတ်ရင် ခဏခဏ ထစ်နေတာမျိုး၊ ရှေ့ဆက်ဖို့ ဘာလိုလို့ လိုနေမှန်းမသိတာမျိုးဖြစ်ပြီး အီနေတတ်ပါတယ်။

တုံးတွေရဲ့ အမျိုးအစားတွေကိုတော့ ကျွမ်းကျင်ပြီး အဝိုင်းလိုချင်ရင် ဘာလုပ်၊ လေးထောင့်ဆို ဘယ်လိုဆက်တော့သိပါရဲ့ ဒါပေမဲ့ အတွေးကတော့ သူများထက် ထူးခြားတာမရှိဘူးဆိုရင်လည်း သာမန်အတိုင်းထက် ဘယ်တော့မှမပိုတဲ့ အဖြစ်မျိုး ရောက်ရမှာပေါ့။

ပြောချင်တာက နည်းပြတစ်ယောက်မှာ အရေးအကြီးဆုံး အရည်အသွေး (၂)ခုရှိပြီး တစ်ခုက နည်းစနစ်/နည်းဗျူဟာကို သိနားလည်ပိုင်နိုင်မှု ဖြစ်ပါတယ်။ နောက်တစ်ခုက တုံးဆက်ကျွမ်းကျင်တဲ့လူလို ကိုယ့်ဆီမှာရှိတဲ့ ရုပ်ဝတ္ထုတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုပါပဲ။

အသင်းတစ်သင်းကို တည်ဆောက်တဲ့နေရာမှာ အဲဒီအရည်အသွေး(၂)ခုကို ပေါင်းစပ်ရပါတယ်။ ဒါက အရမ်းအခြေခံကျတဲ့ အပိုင်းပါပဲ။

SONY DSC

စိတ်(နည်းစနစ်)နဲ့ ရုပ်(ခန့်ခွဲမှု)ကို အချိုးချရတာက ဘယ်အလုပ်မျိုးမှာမဆို အခြေခံအကျဆုံး လိုအပ်ချက်ပဲ မဟုတ်လား။ ကိုယ်စိတ်ကူးထား၊ စဉ်းစားထားတဲ့ နည်းစနစ်တစ်ခုကို ပုံဖော်တဲ့အခါမှာ ကိုယ်တိုင်လုပ်ရတာ မဟုတ်ဘဲ ကစားသမား(Players) တွေကတစ်ဆင့် ပုံဖော်ရတာ မဟုတ်လား။

ဒီတော့ နည်းပြတစ်ယောက်အတွက် အဓိက အရည်အချင်း (၂)ခုဆိုတာကို အဖြေထုတ်ရင် (၁) နည်းစနစ်ပိုင်နိုင်မှု (၂) ကစားသမားစီမံခန့်ခွဲမှု ဆိုတဲ့ ခေါင်းစဉ်(၂)ခု ရပါတယ်။

အဲဒီမှာ နည်းပြဆိုတဲ့ လူတွေက ဒီအရည်အသွေးကို ကိုယ့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကိုလိုက်ပြီး အချိုးချ ပေါင်းစပ်ကြပါတယ်။ အဲဒါကို Coaching Style လို့ ခေါ်ရမှာပေါ့။ ဘယ်လိုပေါင်းစပ်မှုအချိုးလဲ။

ဒီလိုပါ။ တချို့က နည်းစနစ်ပိုင်း အရမ်းကောင်းပေမယ့် ကစားသမားစီမံမှု မပိုင်ဘူး။အဲဒီတော့ သူ့အသင်းကို နည်းစနစ် (၈၀%)နဲ့ စီမံခန့်ခွဲမှု (၂၀%) တည်ဆောက်တယ် ဆိုပါစို့။

ဒီအသင်းအနေနဲ့ ကစားကွက် ကစားပုံတော့ တစ်ခါတလေ ကောင်းတယ်။ ဒါပေမဲ့ကစားသမားတွေ စိတ်ပါမှကောင်းပြီး စိတ်မပါရင် ဘာမှအဆင်မပြေတဲ့ အသင်းမျိုးထွက်လာမှာပါ။

အဲဒါကြောင့် နည်းပြတွေက ဒီအချိုးကို အရမ်းမကွာဟအောင် တည်ဆောက်မှ ရလဒ်ကောင်းထွက်ဖို့နီးစပ်ပါတယ်။

အကောင်းဆုံး၊ အဆင်ပြေဆုံးဖြစ်အောင် အချိုးချပေါင်းစပ်နိုင်ရင် အောင်မြင်တဲ့ နည်းပြတစ်ယောက်ဖြစ်လာပြီး ဒီနှစ်ခုကို အဆင်တပြေ မပေါင်းနိုင်ရင်တော့ အသင်းက ဟန်ချက်မညီတော့ဘဲ အဲဒီနည်းပြလည်း အောင်မြင်တဲ့ဆီကို ဆက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။

ကျွန်တော်တို့ လက်လှမ်းမီခဲ့တဲ့ နည်းပြတွေထဲမှာဆို အာစင်ဝင်းဂါးက နည်းစနစ်(၆၀%)၊ ကစားသမား စီမံခန့်ခွဲမှု (၄၀%) လောက်အချိုးနဲ့ အာဆင်နယ်ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ပြောရရင် နည်းစနစ်ဦးစားပေးတဲ့ coaching style မျိုးဖြစ်ပြီး ခုလက်ရှိ ဂွါဒီယိုလာနဲ့ အာတီတာတို့က အဲဒီပုံစံမျိုးပါ။ ဖာဂူဆန်ကတော့ ကစားသမားစီမံခန့်ခွဲမှု (၆၀%)နဲ့ နည်းစနစ် (၄၀%)လောက်ပေါင်းခဲ့ပြီး လက်ရှိမှာ ဒီပုံစံသွားနေတာ မော်ရင်ဟို၊ လမ်းပတ်တို့က အဲဒီနည်းနဲ့ အသင်းကို တည်ဆောက်နေပါတယ်။

အဲဒီလို ပေါင်းစပ်မှုမှာ အချိုးတကျ အရှိဆုံးနဲ့ အဆင်အပြေဆုံးဖြစ်တဲ့ နည်းပြကတော့ ယာဂန်ကလော့ပ် လို့ပဲ ညွှန်းချင်တယ်။

ကစားသမားတွေကို စီမံခန့်ခွဲမှုအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သလို နည်းစနစ် နည်းဗျူဟာ အပိုင်းတွေမှာလည်း သူများတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြင်ဆင်ပြီး ပိုကောင်းတဲ့ နည်းစနစ်တွေ၊ တစ်ပွဲထိုးနည်းဗျူဟာတွေ လုပ်ပြနိုင်တာ တွေ့ရပါတယ်။

ကျွန်တော်ကတော့ လက်ရှိမှာ သူအသင်းတည်ဆောက်နေတဲ့ပုံကို အကြိုက်ဆုံး ဖြစ်ပါတယ်။

ကဲ . . . ဟုတ်ပါပြီ . . .အဲဒီလို Coaching Style လည်း မရှိ။ နည်းစနစ်ပိုင်းမှာ ပြောင်းအလဲနဲ့ ဆန်းသစ်မှုမရှိဘဲ စာအုပ်ကြီးထဲက နည်းစနစ်မျိုးတွေသုံး၊ ကစားသမားတွေကိုလည်း ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် ကောင်းကောင်း မစီမံနိုင်ရင် ဘာဖြစ်လဲ။

ရှင်းရှင်းလေးပါ။ သူတည်ဆောက်နေတဲ့ အသင်းက ရှေ့ဆက်သွားဖို့ မရှိသလို သူကိုယ်တိုင်လည်း နည်းပြကောင်း ဆိုတဲ့အဆင့်ကို ဘယ်တော့မှ မရောက်ဘဲ သာမန်အဆင့်မှာသာ ကျင်လည်ရမှာပေါ့။

ဥပမာ ဆိုးလ်ရှားလိုမျိုးပေါ့။

ဒါလေးက နည်းပြတစ်ယောက်ရဲ့လိုအပ်ချက်နဲ့ပတ်သက်လို့ အရေးအကြီးဆုံး အခြေခံက ဘာလဲဆိုတာ ကျွန်တော် စဉ်းစားပြီး Coaching Style နဲ့ ပတ်သက်လို့ စဉ်းစားဖြစ်ခဲ့တာလေးကို စာဖတ်ပရိသတ်တွေဆီ မျှဝေပေးတဲ့ အတွေးသက်သက်ဖြစ်ပြီး မတူညီတဲ့ အမြင်တွေကိုလည်း ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ် . . .

Facebook Comments Box
Facebook Comment