
ဒေါ့မွန်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူ ဖြစ်လာသည့် ဘယ်လင်ဂမ်
ဂျူ့ဘယ်လင်ဂမ်သည် ဒု့စ်ဘတ်အား ၅-၀ ဂိုးဖြင့် ဒေါ့မွန် အနိုင်ရရှိသည့် ပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် ဒေါ့မွန်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူ ဖြစ်လာကြောင်း သိရသည်။
အသက် ၁၇ နှစ်ရှိ အင်္ဂလန်လူငယ်လက်ရွေးစင်သည် ဇူလိုင်လတုန်းက ဘာမင်ဂမ်မှ ဒေါ့မွန်သို့ ယူရို ၂၅ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်ပြီး ဂျာမန်ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ်တွင် ဒေါ့မွန်အတွက် ပထမဆုံးပွဲကို ဝင်ရောက် ကစားခဲ့သည်။

ပြီးခဲ့သည့် ရာသီတုန်းက ဘာမင်ဂမ်အတွက် ဂိုးသွင်းကာ ကလပ်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်း ရေးထိုးခဲ့သည့် ဘယ်လင်ဂမ်သည် ကလပ်သစ်အတွက် ဂိုးသွင်းယူနိုင်ပြီးနောက် အသက် ၁၇ နှစ်၊ ၇၇ ရက်ဖြင့် အသက်အငယ်ဆုံးဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့သည်။
ယခင်တုန်းက ဒေါ့မွန်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူ အဖြစ် နူရီဆာဟင်က ၁၇ နှစ်၊ ၈၂ ရက်ဖြင့် ဂိုးသွင်းနိုင်ခဲ့ကာ စံချိန်ရေးထိုးခဲ့သည်။

ဒု့စ်ဘတ်နှင့်ပွဲတွင် ပွဲချိန် ၁၄ မိနစ်၌ ဆန်ချိုက ပင်နယ်တီမှ တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဘယ်လင်ဂမ်က ဒုတိယဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ဘယ်လင်ဂမ်သည် ဂိုးသွင်းယူပြီးနောက် ပထမပိုင်းအပြီးတွင် လူစားလဲခြင်းခံခဲ့ရသည်။ ယင်းပွဲတွင် ဒေါ့မွန်အတွက် ကျန်ဂိုးများကို သော်ဂန်ဟာဇတ်၊ ဂျီယိုဗန်နီရေနာ၊ မာကိုရူးစ်တို့က သွင်းယူခဲ့ကြသည်။

ဘယ်လင်ဂမ်သည် အင်္ဂလန်ချန်ပီယံရှစ်တွင် ထွန်းတောက်လာပြီးနောက် ကလပ်သစ်အတွက် ပထမဆုံးကစားသည့်ပွဲတွင် ဂိုးသွင်းယူကာ ဒေါ့မွန်သမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ရာ သူ့အပေါ်တွင် မျှော်လင့်ချက်များစွာ မြင့်မားလာပြီ ဖြစ်သည်။