ဒူးဒဏ်ရာရခဲ့သော ဘက်စကွက်စ် တီကိုနှင့်ပွဲအား လွဲချော်ဖွယ်ရှိနေ

ဘာစီလိုနာ ကွင်းလယ်ကစားသမား ဆာဂျီယိုဘက်စကွက်စ်သည် ဆွစ်ဇာလန်နှင့် တစ်ဂိုးစီ သရေကျသော နေးရှင်းလိဂ်ပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့သောကြောင့် အနားယူရဖွယ်ရှိနေပြီး အက်သလက်တီကိုနှင့် ကစားရမည့် လာလီဂါပွဲစဉ်အား လွဲချော်ဖွယ်ရှိနေသည်။

အသက် ၃၂ နှစ်အရွယ် ဘက်စကွက်စ်သည် ဆွစ်ဇာလန်နှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ပါဝင်ကစားခွင့်ရခဲ့ပြီး ဒူးဒဏ်ရာရခဲ့သောကြောင့် ပွဲချိန် ၇၂ မိနစ်၌ ကိုကီနှင့် လူစားလဲခဲ့ရသည်။

၎င်း၏ဒဏ်ရာကို စစ်ဆေးခဲ့ရာ ဒူးအရွတ်စုတ်ပြဲနေကြောင်း တွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ဆေးအဖွဲ့က ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အသေးစိတ် အကဲဖြတ်သွားမည်ဟု စပိန် ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်သည်။

“ဆာဂျီယိုဘက်စကွက်စ်ရဲ့ဘယ်ဖက်ဒူးက ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ပြီး ပွဲကလည်း စိတ်မသက်သာစရာတွေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အသင်းရဲ့ ဆေးအဖွဲ့က ကစားသမားရဲ့အခြေအနေကို မနက်ဖြန်မှာ အသေးစိတ် စစ် ဆေးသွားမှာ ဖြစ်ပါတယ်” ဟု စပိန် ဘောလုံးအဖွဲ့ချုပ်က ကြေညာသည်။

ထို့ကြောင့် ဘက်စကွက်စ်သည် အင်္ဂါနေ့တွင် ဂျာမနီနှင့်ကစားမည့် စပိန်အသင်းလူစာရင်းမှ ထွက်ခွာကာ ဘာစီလိုနာသို့ ပြန်လာခဲ့သည်။

လာလီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်နေသော ဘာစီလိုနာသည် နိုဝင်ဘာ ၂၁ ရက်တွင် အဆင့် ၃ နေရာမှ အက်သလက်တီကိုနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘက်စကွက်စ်သည် အက်သလက်တီကိုနှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် ရည်မှန်းနေသော်လည်း မနက်ဖြန် ထွက်ပေါ်လာမည့် ဆေးစစ်မှုအဖြေ အတိအကျရမှသာ ပါဝင်ခွင့်ရနိုင်၊ မရနိုင် သိရှိရမည်ဖြစ်သည်။

Ref:SBNation

Facebook Comments Box
Facebook Comment