ဒူးဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲကို သီယာဂို လွဲချော်မည်

လီဗာပူးလ် ကွင်းလယ်ကစားသမား သီယာဂို အယ်ကန်တာရာသည် ဒူးဒဏ်ရာ မသက်သာသေး၍ မန်စီးတီးနှင့် ရင်ဆိုင်ရမည့်ပွဲအား လွဲချော်ရဦးမည်ဟု နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုသည်။

ဘိုင်ယန်မြူးနစ်မှ ပြောင်းရွှေ့လာသော အသက် ၂၉ နှစ်အရွယ် စပိန်လက်ရွေးစင် သီယာဂိုသည် မာဆေးဆိုက် ဒါဘီတွင် အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်၏ ကြမ်းတမ်းသော ဖျက်ထုတ်ပုံကြောင့် ဒူးဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ဖျက်ထုတ်ပုံကြောင့် ရစ်ချာလီဆန်မှာ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး သီယာဂိုမှာလည်း ထိုစဉ်ကတည်းက လီဗာပူးလ်အတွက် ကစားနိုင်ခြင်း မရှိသေးပေ။

အဲဗာတန်နှင့်ပွဲအပြီး လီဗာပူးလ်သည် ချန်ပီယံလိဂ် ၃ ပွဲ၊ ပရီးမီးယားလိဂ် ၂ ပွဲ စုစုပေါင်း ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး မန်စီးတီးနှင့် ကစားရမည့် အဝေးကွင်းပွဲစဉ်က ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်မှု ထိုက်တန်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးဖွယ် ရှိနေသည်။

ကလော့ပ်က “သူ့ကို ခွဲစိတ်ဖို့ မလိုအပ်ပေမယ့်လည်း ဒဏ်ရာကတော့ ရှိနေတုန်းပါပဲ။ ပွဲထွက်လူစာရင်းက ကစားနိုင်ပြီလို့ ကျွန်တော်တို့ မယူဆသေးသရွေ့သူဟာ လေ့ကျင့်မှုတွေကို ကာလရှည် နားရဦးမှာပါ။ သီယာဂိုဟာ တနင်္ဂနွေပွဲအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက အတ္တလန္တာအား ၅ ဂိုးပြတ် အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်သွင်းကာ ဒဏ်ရာအနည်းငယ် ရခဲ့သည့် ပေါ်တူဂီ တောင်ပံကစားသမား ဒီယိုဂိုယိုတာသည် မန်စီးတီးနှင့်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေမည်ဟု ပြောသည်။

Ref:goal

Facebook Comments Box
Facebook Comment