ဒူးဒဏ်ရာကြောင့် ဖာတီ ၄ လခန့် နားရမည်ဟု ဘာစီလိုနာ အတည်ပြု

ဒူးဒဏ်ရာ ရရှိခဲ့သော ဘာစီလိုနာတိုက်စစ်မှူး အန်ဆူဖာတီသည် ယနေ့ ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့သော်လည်း ဘောလုံးပြန်ကစားနိုင်ရန် အချိန် ၄ လခန့် စောင့်ဆိုင်းရမည်ဟု ကာတာလန် အခြေစိုက်ကလပ်က ကြေညာသည်။

အသက် ၁၈ နှစ်အရွယ် စပိန်လက်ရွေးစင် ဖာတီသည် ဘက်တစ်အား ၅-၂ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ဘယ်ဖက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဖာတီသည် ပထမပိုင်းပြီးခါနီးတွင် ဘက်တစ် နောက်ခံလူနှစ်ဦးကြားမှ ဘောလုံးပိတ်သွင်းရန် ကြိုးစားစဉ် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အလွန်ပြင်းထန်သောကြောင့် မြက်ခင်းပေါ် လူးလှိမ့်နေခဲ့ရသည်။

ထို့နောက် မက်ဆီနှင့် လူစားလဲခဲ့ရပြီး ယနေ့နံနက်က ခွဲစိတ်ကုသမှု ခံယူခဲ့ကာ ဒူးအရွတ်ကြော စုတ်ပြဲသွားသောကြောင့် ၄ လခန့် အနားယူရမည်ဟု ဘာစီလိုနာ ဆေးအဖွဲ့အကြီးအကဲ ဒေါက်တာ ရေမွန်ကူဂတ်က ပြောသည်။

“သူ့ရဲ့ဘယ်ဖက်ဒူးအတွင်းပိုင်းက အရွတ်လေး စုတ်ပြဲသွားတာပါ။ ခွဲစိတ်ကုသမှ အဆင်ပြေနိုင်မှာဖြစ်လို့ အချိန်သိပ်မဆိုင်းဘဲ ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်မှု အောင်မြင်ပေမယ့် ၄ လလောက် အနားယူရမှာပါ” ဟု ရေမွန်ကူဂတ်က ဆိုသည်။

ဖာတီသည် ယခုရာသီတွင် လာလီဂါ ၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲကစား ကာ ၅ ဂိုး သွင်းယူထားသည်။

Ref:AS

Facebook Comments Box
Facebook Comment