ဒီအာဝါရာအမှားအတွက် ရိုးမား၏စီးရီးအေအဖွင့်ပွဲကို ဗီရိုနာ ၃-၀ ရိုးမားအဖြစ် ဆုံးဖြတ်လိုက်ပြီ

ရိုးမားသည် စနေနေ့တုန်းက ဗီရိုနာနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် ကစားသမားတစ်ဦးကို အသုံးပြုခဲ့ကြောင့် ၃-၀ ဂိုးဖြင့် အရှုံးပေး အရေးယူခြင်းခံခဲ့ရကြောင်း သိရသည်။

လီဂါစီးရီးအေသည် ဗီရိုနာနှင့်ပွဲတွင် ရိုးမားအသင်းမှာ အသင်းလူစာရင်း ၂၅ ဦးစာရင်းတွင် ထည့်သွင်း မှတ်ပုံတင်ထားခြင်း မရှိသည့် အေမာဒူးဒီအာဝါရာကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဂိုးမရှိသရေကျခဲ့သည့် ယင်းပွဲအား ဗီရိုနာ ၃-၀ ရိုးမားအဖြစ် သတ်မှတ် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။

ဂီနီအလယ်တန်းကစားသမားအေမာဒူးဒီအာဝါရာသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက အသက် ၂၃ နှစ်ပြည့်ခဲ့သော်လည်း ရိုးမား၏ယခုရာသီ ယူ-၂၂ အသင်းတွင်ပင် မှားယွင်း ထည့်သွင်းခြင်းခံခဲ့ရသည်။ ယူ-၂၂ ကစားသမားကို စီနီယာအသင်း၏ ၂၅ ဦးစာရင်းတွင် ထည့်တွက်ခြင်း မရှိချေ။ ရိုးမားသည် ဒီအာဝါရာကို ပွဲချိန်ပြည့် အသုံးပြုသွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရိုးမားသည် ဗီရိုနာနှင့်ပွဲစဉ်အတွက် တစ်မှတ်မျှ မရသည့်အပြင် ၃-၀ ဂိုးဖြင့် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။

ရိုးမားသည် လီဂါစီးရီးအေ၏ဆုံးဖြတ်ချက်အား အယူခံဝင်သွားမည် ဖြစ်သည်။

ထို့အပြင် လီဂါစီးရီးအေသည် ပွဲပယ်ပြစ်ဒဏ်ကျခံထားရသော်လည်း ပွဲကြည့်စင်မှ အသင်းကို အော်ဟစ်ကြီးကြပ်မှု ပြုလုပ်ခဲ့သည့် ဗီရိုနာနည်းပြအိုင်ဗစ်ဂျူရစ်ကို ယူရို ၅၀၀၀ ဒဏ်ရိုက်ခဲ့သည်။

Facebook Comments Box
Facebook Comment