ဒီအချိန်မှာ ဘာပေ၊ ဟာလန်းတို့နဲ့ ကမ္ဘာသိမ်းတမ်း ကစားကြမလား..

N Kyal Minn

ဒီအချိန်မှာ ခင်ဗျားကို ဘယ်သူကများ ပျော်ရွှင်စေနိုင်မှာလဲ။ ပြိုင်ဘက်မဟုတ်တဲ့ ပြိုင်ဘက်တွေက ခင်ဗျားစိတ်ကို ညှိုးရော်စေချိန်မှာပေါ့။

လူညံ့တွေဟာ မတ်စေ့ငုံပြီး ဆဲရေးနေကြတယ်။ ကြည်လင်တဲ့ရေထဲ ငါကိုယ်တိုင် အမှိုက်ပါပဲတွေ ခုန်ဆင်းနေကြတယ်။

ကိုယ့်အတွက်တော့ မထော်မနန်း ဖြန့်ဝေသူတွေရော၊ အဲ့ဒါကို ယုံကြည်လက်ခံနိုင်တဲ့ ဉာဏ်ဗလ နည်းပါးသူတွေရော အတူတူပါပဲ။ ရွံတယ်။

၁၉၈၈ တုန်းက ငါ့အတွက်လို့ အော်ခဲ့ပြီး ၂၀၁၅ မှာ ငါ့သားအတွက်လို့ ယုံကြည်ခဲ့တာပေါ့။ အခုတော့ ဒီလိုလူမျိုးတွေနဲ့နိုင်ငံမှာ ငါ့မြေးတို့ခေတ်ဆိုတဲ့ ရည်ရွယ်ချက် မထားနိုင်တော့တာ ဝန်ခံလိုပါတယ်။

ဒီလောက်တောင် နိမ့်ကျသွားကြပြီလားဆိုတဲ့ ခံစားမှုက ပေါက်ကွဲမှု တစ်ခုခုဆီ တရိပ်ရိပ် ပြေးလွှားနေခဲ့တာပေါ့။ အမေ့ကို အားနာတယ်။

ဒီတိုင်းပြည်မှာ လူမှန်ရင် NLD ကို မဲပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်သိပ်မှောင်တာပဲ အမေ..

ဒီအချိန်မှာ ခင်ဗျားကို ဘယ်သူကများ ပျော်ရွှင်စေနိုင်မှာလဲ။ ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဆွီဒင်နတ်ဘုရားကြီးများလား။

သူက လူသားတွေရဲ့အိုမင်းမှု တောင်ကုန်းတွေကို ပိုပိုပြီး သိမ်းပိုက်လာခဲ့တယ်။ ထာဝရနုပျိုခြင်း စက်ရုံကို မီလန်မှာ လာဖွင့်ထားပြန်တယ်။

ကျွန်တော့်အတွက်တော့ အသက်မရှည်ချင်ပါဘူး။ ရှင်သန်နေဦးမယ့် သက်တမ်းလေးအတွင်းမှာ ဒီလိုစကားပြေမျိုးတွေ ရေးနိုင်နေဦးမယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ဘဝမှာ အခွင့်အရေး ရမယ်ဆိုရင် အဲ့ဒီမိုဗစ်ကြီးကို အင်တာဗျူးချင်တယ်။

ဒီအချိန်မှာ ခင်ဗျားကို ဘယ်သူကများ ပျော်ရွှင်စေနိုင်ပါ့မလဲ။ စီးရီးအေမှာ ဂျူဗီကြည့်မယ့်အစား အတ္တလန္တာ ကြည့်ချင်တယ်။

ဒါမှမဟုတ် ဆက်ဆူအိုလိုပေါ့။ သူတို့ဟာ ဂိုးတစ္ဆေတွေပဲ။ ဂိုးအပေးအယူမှာ မကျွတ်လွတ်ကြသူတွေပဲ။

ကိုယ့်ကြောင့် မအောင်ရင် သူတစ်ပါးကြောင့် ပေးအောင်နေတဲ့ ဂိုးပေါ်တွေကို ကျွန်တော်လည်း ချစ်တယ်။

ပြီးရင် ဟန်ဆီဖလစ်ခ်ပေါ့လေ။ အမှန်ပြောရရင် ဘိုင်ယန်ဟာ ဒိတ်ဒိတ်ကြဲ ကစားသမားတွေနဲ့ စုဖွဲ့ထားနိုင်ခြင်း မရှိပါဘူး။

လီဝမ်ဒေါစကီးလို ဂိုးဖြောင့်တပ်သားကြီးကို ဗဟိုပြုပြီး အချွန်ငယ်ငယ်လေးတွေကို သွေးရတာပဲ။ ပိုပြီးသေသပ်အောင် ပြုပြင်ရတာပဲ။

အဲ့ဒီမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ် ဖြစ်လာတယ်။ ဂနာဘရီ ဖြစ်လာတယ်။ ပါဗက်၊ ကိုးမန်း၊ ဂိုရက်ဇ်ကာ၊ လူသစ်တွေရဲ့အလံတော်မှာ ကျွန်တော် ပျော်ဖူးပြီပေါ့။

တစ်ချိန်ချိန်မှာ ဂျာဂင်ကလော့ပ်က ရီးရဲလ်သွားမယ်။ ဟန်ဆီဖလစ်ခ်က လီဗာပူးလာခဲ့ရင် ဒါဟာ ကျေနပ်စရာ လှည့်ပြောင်းသွားလာခြင်း ခရီးရှည်ကို ထင်ဟပ်စေတာပဲ။

ပြီးတော့ ဟာလန်းကို ကျွန်တော် သတိရလာတယ်။ နော်ဝေမှာ ဒီကလေးလို လူစွမ်းကောင်းတွေ ပျောက်ကွယ်နေတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

သူ့ကို အာရုံထဲ မောင်းသွင်းလိုက်ရင် ဘာပေကို ထားခဲ့လို့ မရဘူးပေါ့။ ဒီပြင်သစ်လေးက ပါရမီတော်ခန်းထဲက လက်ပြနှုတ်ဆက်လေ့ရှိသူပဲ။

သူတို့ဟာ တစ်ချိန်ချိန်မှာ ဒုတိယမြောက် မက်ဆီနဲ့ ရော်နယ်ဒိုအဖြစ် ကမ္ဘာသိမ်းတမ်းကစားလာကြဦးတော့မှာလား..။

အဲ့ဒီလိုအတွေးက အတော်စိုစွတ်ပါတယ်။

ဒီအချိန်မှာ ခင်ဗျားကို ဘယ်သူကများ ပျော်ရွှင်စေနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ချစ်စွာသော ဆွန်ကိုရီးယားလေးများလား..။

သူဟာ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာမယ်လို့ ကျွန်တော်တို့ ဘယ့်နှယ်လုပ်ပြီး တွေးခေါ်နိုင်ပါ့မလဲ။

အဲ့ဒါက မော်ရင်ဟိုအတွက်ရောပေါ့။ စပယ်ရှယ်ဝမ်းဟာ စပယ်ရှယ်ဝမ်း ပြန်ဖြစ်ရမယ်လို့ ကျွန်တော် မမျှော်လင့်လိုပါဘူး။

ဒါပေမဲ့ ဘာမှမဟုတ်တဲ့ကောင်တွေရဲ့ စော်ကားခြင်းသာရသွားတဲ့ ဘဝမျိုးနဲ့တော့ သူ့ ရဲ့နည်းပြဘဝ ဇာတ်မသိမ်းစေလိုပါဘူး။

အဲ့ဒီနောက် ဘမ်းဖို့ဒ် ဟက်ထရစ်ရှိမယ်။ ဗီလာကို အကြောသတ်ပေးသွားတဲ့ လိဒ်စ်ကစားသမားတွေက သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။

ချဲလ်ဆီးက အဆင့်(၁၀)၊ သူ့နောက်မှာ အာဆင်နယ်နဲ့ မန်ချက်စတာနှစ်သင်း ရှိနေကြတယ်ဆိုရင် လာနောက်နေတာလားလို့ မေးချင်စရာပါပဲ။

ဒါပေမဲ့ အဲ့ဒါကပဲ ရမှတ်ရွှေသမင်လိုက်ခန်းတွေ ရှုစားရတော့မယ်လို့ ကြော်ငြာကားလှည့်လေသလား ခံစားရပါတယ်။

ပျော်ရွှင်မှုဆိုတာ လက်ငင်းရနေတာလည်း ရှိမယ်။ အခုလိုမျိုး အတွေးနဲ့ ကြိုခပ်ရတာလည်း ရှိနိုင်တာပေါ့။

ကိုဗစ် ရှိနေတယ်၊ ရွေးကောက်ပွဲ ရှိနေတယ်၊ Stay at Home ရှိနေတယ်။ ကျားပေါက်ရဲ့ကြောက်ခေတ် ရှိနေတယ်။

မင်းသမီး အိန္ဒြာကျော်ဇင် အိမ်ထဲမှာ လွတ်လပ်ပေါ့ပါးပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒီအချိန်မှာ ဘယ်သူကများ ခင်ဗျားကို ပျော်ရွှင်စေနိုင်ပါ့မလဲ..

Facebook Comments Box
Facebook Comment