ဒီလောက်နဲ့ တက်မလာနဲ့တဲ့

လီဗာပူးလ်ကို အနိုင်ကစားမည်ဆိုပါက အကောင်းဆုံးသော စွမ်းဆောင်မှုမျိုးကို ထုတ်ပြနိုင်မှသာ ဖြစ်နိုင်မည်ဟု ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက သူ၏အသင်းသားများကို သတိပေးလိုက်သည်။

အဝါရောင်ရေငုပ်သင်္ဘောသည် ယနေ့ညတွင် အန်ဖီးလ်၌ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

စပိန်သားက ယာဂန်ကလော့ပ်၏အသင်းသည် လက်ရှိအချိန်တွင် အကောင်းဆုံးဘောလုံးကစားပုံအား ထုတ်ပြနေသောကြောင့် တော်ရုံစွမ်းဆောင်ရည်ဖြင့် အနိုင်ကစားရန် မလွယ်ကူကြောင်း သုံးသပ်သည်။

ဗီလာရီးရဲလ်သည် ကွာတားဖိုင်နယ်တွင် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။

ဗီလာရီးရဲလ်ကို မကိုင်တွယ်မီ အာဆင်နယ်ကို တနှစ်ခွဲကြာ တာဝန်ယူခဲ့သော အမ်မရီက “အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံကို ပြန်အမှတ်ရမိတယ်။ ကျွန်တော့်ရဲ့လုပ်အားနှုန်းနဲ့ ကလော့ပ်ရဲ့ ဖန်တီးခဲ့တာကို အသိအမှတ်ပြုပါတယ်။

ဒီညပွဲက နောက်ထပ်တွန်းအားတခုလို့ ကျွန်တော်ခံယူပါတယ်။ အကောင်းဆုံးပုံစံရနေတဲ့ လီဗာပူးလ်ကို အနိုင်ကစားဖို့ ကြိုးစားသွားမှာပါ။

ဒီလိုဖြစ်နိုင်ဖို့ဆိုတာ သာမန်စွမ်းဆောင်ရည်လောက်နဲ့တော့ မရနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးဗားရှင်းကို ထုတ်ပြနိုင်ဖို့တော့ လိုပါတယ်” ဟု ဖွင့်ဟသည်။

Ref:90min

Facebook Comments Box
Facebook Comment