
ဒီရစ်ဒါရေ အဆင်သင့်ဖြစ်ပြီလား
အောင်လအန်ဆန်းဆိုတာ
မြန်မာနိုင်ငံဂုဏ်ဆောင်
ကိုယ်ခံပညာသိုင်းပေါင်းစုံ
ONE Championship မှာ
ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး
မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း
ကမ္ဘာ့ချန်ပီယံ ခါးပတ်တွေကို
ပိုင်ဆိုင်ဖူးသူ။
အခုတော့ သူ့ရဲ့ခါးပတ်တွေက
နယ်သာလန်သား ရိုင်နီယာဒီရစ်ဒါကြောင့်
ပျောက်ရှကုန်တာ အားလုံးလည်း အသိ။
မြန်မာ့စပါးအုံးရဲ့ ရင်ထဲမှာ
ဒီရစ်ဒါဆိုတာ မဖြစ်မနေ နုတ်ယူရမယ့်
ဆူးတချောင်းအဖြစ် တည်ရှိနေတာပေါ့။
၂၀၂၀ အောက်တိုဘာမှာ ချုပ်ကွက်မိပြီး
မစ်ဒယ်ဝိတ်ခါးပတ်ကို ပေးလိုက်ရတယ်။
နောက် ၆ လအကြာမှာလည်း
အမှတ်နဲ့ထပ်ရှုံးကာ လိုက်ဟဲဗီးဝိတ်
ခါးပတ်ကိုလည်း ပေးလိုက်ရတယ်။
ONE Championship နဲ့ လက်တွဲလာတဲ့
ကာလတလျှောက် အောင်လဟာ
နှစ်ပွဲဆက်တိုက် ရှုံးနိမ့်တာမျိုး
တခါမှ မရှိခဲ့ပါဘူး။ ဒါတွေက
ဒီရစ်ဒါနဲ့ ရင်မဆိုင်မီအထိပဲ ဖြစ်ပါတယ်။
ဒီရစ်ဒါနဲ့ကျမှပဲ ကချင်ဖိုက်တာရဲ့
သမိုင်းကြောင်းက ရိုင်းခဲ့ရတယ်။
အားကစားလောကမှာ အမြဲတမ်း
အနိုင်ရသူ၊ အမြဲတမ်း ရှုံးနိမ့်သူဆိုတာ
မရှိပါဘူး။ လဲကျသွားတဲ့အခါ
အကောင်းဆုံး ပြန်ထနိုင်ဖို့ ကြိုးစားရပါတယ်။
အောင်လလည်း ဒီအတိုင်းပါပဲ။
ဒီရစ်ဒါကို ပြန်လည်စိန်ခေါ်နိုင်ဖို့
ကြိုးစားတည်ဆောက်ခဲ့ရပါတယ်။
လေ့ကျင့်ရေးကို အကောင်းဆုံးလုပ်တယ်။
အကောင်းဆုံး လေ့ကျင့်ဖက်တွေနဲ့
ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်။
အနာခံမှ အသာစံရမယ်ဆိုတာ
သူသိတယ်။ နိုင်ပွဲတွေ ပြန်ရယူနိုင်မှသာ
ဒီရစ်ဒါကို ပြန်စိန်ခေါ်ခွင့် ရနိုင်မှာလေ။
နယ်သာလန်သားကို ရှုံးနိမ့်ပြီးနောက်
ပထမဆုံး ယှဉ်ပြိုင်တဲ့ပွဲမှာ
သမ္ဘာရင့် ဝါရင့်ဖိုက်တာ အိုကာမီကို
ဒူးတိုက်ချက်နဲ့ လဲကျစေပြီး
လက်သီးတွဲလုံးတွေနဲ့အတူ အလဲထိုး
အနိုင်ရခဲ့တယ်။ နောက်တပွဲဖြစ်တဲ့
ဘရာဇီးလ်ဖိုက်တာ ဂယ်ဗာအိုနဲ့ပွဲမှာလည်း
ပထမအချီမှာပဲ လက်သီးတွဲလုံးတွေနဲ့
အနိုင်ရခဲ့ပြန်ပါတယ်။
အဆိုပါပွဲအပြီးမှာပဲ အောင်လက
ONE Championship စီအီးအို
ချက်ထရီကို ဒီရစ်ဒါနဲ့ မကြေပွဲ
ထိုးခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ONE Championship ဘက်က
သူ့ရဲ့တောင်းဆိုမှုကို လျစ်လျူရှုခဲ့ပြီး
တရုတ်ဖိုက်တာ ဖန်ရောင်နဲ့ ပွဲတည်ပေးခဲ့ပါတယ်။
အားလုံးလည်း သိတဲ့အတိုင်း အမေရိကန်မှာ
ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပွဲစဉ်မှာ
အောင်လက ချုပ်ကွက်နဲ့ အနိုင်ရခဲ့တယ်။
အခုဆိုရင် မြန်မာ့စပါးအုံးဟာ
၃ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။
ဒါဟာ ဒီရစ်ဒါနဲ့ တတိယအကြိမ်
မကြေပွဲထိုးသတ်နိုင်မယ့် အကောင်းဆုံး
အနေအထားပါပဲ။ သူ့အနေနဲ့လည်း
ကြိုးဝိုင်းကို မစွန့်ခွာမီ ချန်ပီယံခါးပတ်
ပြန်ရချင်တယ်လို့ ပြောဖူးပါတယ်။
“ONE Championship နဲ့ မစ္စတာ
ချက်ထရီကို ပြောချင်တာက ကျွန်တော်
ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ချင်ပါတယ်။
ကျွန်တော့်ကို တပွဲပဲ ထိုးခွင့်ပေးပါ” လို့
အောင်လက ကြွေးကြော်ထားပါတယ်။
ချက်ထရီအနေနဲ့လည်း ဒီတခါတော့
အောင်လရဲ့ ဆန္ဒကို ဥပေက္ခာပြုထားလို့
မရလောက်တော့ဘူးလို့ ထင်မိပါရဲ့…