ဒီဘာလာကိုရဖို့ ဗီနီဆီယက်စ်+အစ္စကိုအပြင် ငွေသားပါ အလိုက်ပေးမယ့် ရီးရဲလ်

အီတလီတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော သတင်းများအရ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ဂျူဗင်တပ်စ် တိုက်စစ်မှူး ပေါ်လိုဒီဘာလာကို ခေါ်ယူနိုင်ရေးအတွက် ဘရာဇီးလ် တိုက်စစ်မှူး ဗီနီဆီယက်စ်၊ စပိန်ကွင်းလယ်လူ အစ္စကိုတို့အပြင် ငွေသားကိုပါ အလိုက်ပေး ကမ်းလှမ်းသွားမည်ဟု သိရသည်။

အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ဒီဘာလာသည် တူရင်အခြေစိုက် ကလပ်နှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ထားပြီး ဂျူဗင်တပ်စ် ဘုတ်အဖွဲ့က သက်တမ်းတိုး နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ဒီဘာလာသည် နည်းပြသစ် ပီယာလိုလက်ထက်တွင် ရော်နယ်ဒို၊ မိုရာတာတို့၏နောက် ဒုတိယ ဦးစားပေးအဖြစ်သာ သတ်မှတ်ခံရကာ ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။

ဇီဒန်းသည် ဒီဘာလာကို ရီးရဲလ်တွင် ပုံမှန်ပွဲကစားခွင့် ပေးမည်ဆိုသော မက်လုံးဖြင့် ဆွဲဆောင်ရန် ကြိုးစားနေပြီး ဘာနေဗျူးသို့ ခေါ်ယူခွင့်ရမည်ဟုလည်း ယုံကြည်ထားသည်။

ဗီနီဆီယက်စ်သည် လတ်တလောတွင် အသင်းဖော်များ၏ မယုံကြည်မှုနှင့် ရင်ဆိုင်နေ ရပြီး မိုချင်ဂလက်ဘတ်နှင့်ပွဲတွင် ဘန်ဇီးမားက ဘောလုံးပေးမကစားရန် မန်ဒီအား တိုက်တွန်းရသည်အထိ ဖြစ်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ် အစ္စကိုမှာလည်း ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးနေပြီး ဇီဒန်းကို အတင်းပြောနေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့သောကြောင့် ၎င်းနှင့် ဇီဒန်းကြား ဆက်ဆံရေးက ပိုမိုဆိုးရွားလာဖွယ် ရှိနေသည်။

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုသည် ယခင်က အစ္စကိုအား ခေါ်ယူရန် စိတ်ဝင်စားသည်ဟု ပြောကြားဖူးသည်။

Ref:football-italia

Facebook Comments Box
Facebook Comment