ဒီတစ်ပတ် ကျွန်တော့်သူငယ်ချင်းဝိုင်

ကျွန်တော်တို့ရဲ့တိုတောင်းပြီး ရှုပ်ထွေးလွန်းတဲ့ဘဝထိုထိုမှာ သူငယ်ချင်းဝိုင်လေးတစ်ခွက်တော့ ပုံမှန်မမှီဝဲသင့်ဘူးလား။ မွှန်ထူပြီး ပျစ်ပျစ်နှစ်နှစ်ဆဲရေးပစ်ချင်စရာတွေများလှစွာသော၊ အော့နှလုံးနှင့်သံဝေဂတွေ ရောထွေးပေါက်ရောက်သော၊ လူညံ့ကာလာတွေပြိုးပြိုးပြက်သော နိစ္စဓူဝအနမ်းတွေကြားမှာ ခင်ဗျားရော ပျင်းပျင်းရိရိဖြစ်မနေသေးဘူးလား။

ဒါကြောင့်လည်း ညနေညနေဆို သူငယ်ချင်းဝိုင်လေးတစ်ခွက်လောက်ပေါ့။ သူငယ်ချင်းဆိုတာကတော့ တစ်ယောက်နှင့်တစ်ယောက် တောင့်တမှုချင်းဘယ်တူပါ့မလဲ။ တချို့က ဒီမှာကျောင်းဒကာကြီးရဲ့၊ ကျွန်တော်တို့သေရင် ဒါပဲပါမှာလေဟု ကျယ်လောင်စွာအသံပြုလို့ရသော ဓမ္မသူငယ်ချင်းမျိုးပေါ့။ တချို့က သမိန်ပေါသွပ်ကနေ ဒိဌေဒိဌမတ္တံအထိဆွေးနွေးပြောဆိုနိုင်တဲ့သူငယ်ချင်းမျိုးဖြစ်နိုင်ပါတယ်။  တချို့က အစ်ကိုဘယ်မှာလဲ၊ ကျွန်တော်ဒီမှာမှာထားပြီနော်ဆိုသော သူငယ်ချင်းညီလေးတွေလိုအပ်မှာ ပဲ။

အခြားသော တချို့တချို့တွေအတွက်ကျတော့လည်း သူငယ်ချင်းတွေဟာ ကိုယ်တွေနဲ့ဝေးလံသောအရပ်တစ်ပါးမှဖြစ်လိမ့်မယ်။ ကိုယ်တွေကသူ့ကို ပွဲခံခိုင်းလိုက်၊ ဘုရင်တင်မြှောက်လိုက်၊ မင်းကစောင်ရူးပါကွာ တစ်ပတ်နှစ်ခါပုံမှန်ဆဲရေးလိုက်ရှိတဲ့တိုင် သူကကိုယ့်ကိုမသိ။ ဘောလုံးပေါ့လေ။ ကစားသမားတွေပေါ့လေ။ ကျွန်တော်တို့နဲ့သူတို့ဆိုတာ အချိန်ကာလယန္တရားတွေကို အတူကျော်ဖြတ်ခဲ့ကြပြီးပြီ။ သူတို့ရဲ့ဖြစ်ခြင်းတရားကိုလည်းသိ၊ သူတို့လေတော့ ကြွေတော့မည့်အဆုံးသတ်တွေကိုလည်း ရိပ်မိလို့ပေါ့။ သူတို့ဟာ ကိုယ့်ဘက်ကတစ်ဖက်သတ်သူငယ်ချင်းတွေပဲဖြစ်စေဦးတော့။ သူတို့ဟာ ယောကျာ်းဂီတကိုဖန်ဆင်းနိုင်ကြပြီးတော့ နေပျော်သောညများစွာကိုဆောင်ယူလာကြသူတွေလည်းဖြစ်နိုင်ပါတယ်။ ရှိပါတယ်၊ ရှိပါတယ်။ ဒီအရွယ်မှာ အခြားပွတ်တိုက်မှုတွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို မစ္စတာဘောလုံးတွေအတွက်ကျတော့  သူတို့မပါလို့မပြည့်စုံ။ အဲ့ဒီလိုသူငယ်ချင်းဝိုင်ကို တစ်ခွက်တစ်ဖလားလိုက်ရမှ ညရေးညတာဆိုတာရောက်ရှိပေတာပဲ။ 

မက်ဆီနဲ့မတွေ့တာကြာခဲ့ပြီ။ သြဂတ်စ်-၁၅၊ ဘိုင်ယန်(၈-၂)ညကနောက်ဆက်တွဲပေါ့။ ဒီကောင်ဟာ ကျွန်တော်တို့ခေတ်မှာပြန်မရနိုင်တော့တဲ့သူငယ်ချင်းကောင်းပဲ။ ရာသီတိုင်းမှာ Goal Labelတွေမှာတိုက်ခဲ့တယ်။ ပါရမီညစာစားပွဲတွေပေးခဲ့တယ်။ ‘ယုံကြည်ရင်လိုက်ခဲ့လိုက်’သစ်သီးခြင်းတွေ အိမ်ပြန်ရင်လက်ဆောင်ထည့်ပေးရတာအမောပဲ။ ကျွန်တော်မှမဟုတ်ပါဘူး။ သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာ သူငယ်ချင်းတွေအားလုံးအပေါ် ဒီအတိုင်းပဲသွားတယ်။ အခုတော့ သူပျော်နိုင်လိမ့်မယ်မဟုတ်ဘူးဆိုတာသိပါတယ်။ လာလီဂါမြို့တံခါးတွေပြန်မဖွင့်သေးတော့ ကိုယ်တွေလည်း ပျော်ရွှင်ပါစေကြောင်းမက်ဆေ့ချ်တွေပဲပို့ရတယ်။ ဘာစီလိုနာကထွက်ခွာမယ်လို့ သူတရားဝင်ပြောဆိုလိုက်ပြီဆိုတာ ကျွန်တော်တို့အားလုံးကိုစိတ်လှုပ်ရှားစေတယ်။

ဘာစီလိုနာဘက်ကလည်း နည်းအမျိုးမျိုးနဲ့ သူ့ကိုပြန်ပြီးဆွဲငင်နေခဲ့တာပဲ။ တချို့က ပါဝါပြိုင်ပွဲတစ်ပွဲတစ်ခုသာဖြစ်ပြီး နောက်ဆုံးမှာ ကိုယ်တွေသူငယ်ချင်းပဲအနိုင်ယူပြီး ဆက်လက်စိုးစံတော်မူမယ်ယုံကြည်နေကြတုန်းပဲ။ ကျွန်တော်မသိပါဘူး။ ကိုယ်တွေတစ်ယောက်အနေနဲ့ဆိုရင်တော့ အဲ့ဒီသစ္စာတရားဆည်ကို ဖောက်ချလိုက်စေချင်ပြီ။ ဒီမှာ သူရေအပြည့်ခပ်ထည့်ပြီးပဲ။ ဆည်တစ်ခုအနေနဲ့ လုပ်စရာရှိတာအားလုံး သူလုပ်ပေးခဲ့ပြီးပြီ။ ၃၃နှစ်ရှိပြီဖြစ်တဲ့ကျွန်တော့်သူငယ်ချင်းအတွက် နယ်သစ်ပယ်သစ်ရှာစေချင်တယ်။ အဲ့ဒီမှာ သူဘယ်လောက်အထိပေါက်မြောက်နိုင်သေးတယ်ဆိုတာ အဆုံးမရှိလူစွမ်းလူစတွေပြစေချင်သေးတယ်။ ဒါဟာ မန်ချက်စတာမှ  ကြိုဆိုပါတယ်ပဲ။ ဟင့်အင်း၊ အပြာရောင်မန်ချက်စတာကကြိုဆိုပါတယ်ဆိုမှပြည့်စုံလိမ့်မယ်။ ဂွါဒီယိုလာဟာ ကျွန်တော့်သူငယ်ချင်းကို နောက်တစ်ကြိမ်ပုံသွင်းလိမ့်မယ်။

နောက်တစ်ယောက်က သူ့ထက်နှစ်,နှစ်ကြီးတယ်။ သူတို့ဟာ အမြဲလိုပြိုင်ဆိုင်နေကြပြီး သူတို့ခေတ်ကြီးကို အလုပ်အကျွေးပြုနေကြသူတွေပဲဖြစ်တယ်။ ရော်နယ်ဒိုပါ။ သူတို့နှစ်ယောက်ရဲ့အခြားသောစံချိန်တွေ၊ မှတ်တမ်းမှတ်ရာတွေ ကျွန်တော်သိပ်မှတ်လေ့မရှိပါဘူး။ လူတစ်ယောက်ကို အချက်အလက်တွေနဲ့ချစ်ခင်ရတာ အတော်နိမ့်ပါးတဲ့ယဉ်ကျေးမှုလို့ ကျွန်တော်တော့သဘောရတာပဲ။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်နှစ်မျိုးပဲမှတ်ထားတယ်။ တစ်ယောက်က မွေးရာပါဘောလုံးဖြစ်တယ်။ နောက်တစ်ယောက်က ဘောလုံးရဲ့ပုဒ်မတိုင်းကိုချိုးဖျက်ခဲ့သူပဲ။ ဘောလုံးမှာပြီးဆုံးတယ်ဆိုတာမရှိလို့ သူ့နံရံတွေမှာရေးထွင်းခဲ့တယ်။ ထားပါတော့၊ ဒါတွေကြာခဲ့ပါပြီ။

ဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်မှာ ဘယ်သူကရပ်ပြီး ဘယ်သူကအလင်းရောင်ငတ်နေတုန်းလဲ။ လုပ်နိုင်သေးတာတွေ တူနေကြစေဦးတော့။ ရော်နယ်ဒိုက စိန်ခေါ်မှုတွေဆီ ထွက်ခွာနိုင်ခဲ့တယ်။ ဟိုဘဲက တွေဝေခြင်းမှတ်တိုင်မှာ ဝင်ချည်ထွက်ချည်ပဲ။ ရော်နယ်ဒိုဟာ သု့အတွက် ၄ခုမြောက်လိဂ်မှာ အနာအဆာနည်းနည်းရှိရုံထက်မပိုတဲ့ စူပါဟီးရိုးဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဆိုးတာက ဟိုမှာတစ်ပင်တည်းပွင့်တဲ့မက်ဆီရော၊ စိန်ခေါ်မှုကျွန်းဆွယ်တွေဆီ လှည့်လည်သူရော်နယ်ဒိုရော လက်ရှိမှာ ပျင်းစရာကောင်းတဲ့ အသင်းကိုယ်ဆီမှာတည်ရှိနေကြတာပဲ။

ဂျူဗင်တပ်လည်း ကျွန်တော်ပျင်းတယ်။ စီးရီးအေမှာ၊ အေး..အဲ့ဒီမှာသွားသာယာနေလိုက်လို့ပြောရလောက်အောင် ဂျူဗင်တပ်ဟာ အဲ့ဒီမှာအကြိမ်ကြိမ်ဗိုလ်စွဲပြီး လေးလံနေတဲ့ဘုရင်ပဲ။ ဒီနှစ် ချန်ပီယံလိဂ်မှာလည်း လီယွန်လိုအသင်းကိုသွားရှုံးပြီး ချန်ပီယံလိဂ်ကထွက်ခွာခဲ့ရပြန်တယ်။ ရော်နယ်ဒိုကတော့ သူ့ကြွက်သားတွေထုတ်ပြပြီး လာမယ့်ရာသီသစ်အတွက် အဆင်သင့်ဖြစ်ပြီလို့ ထုတ်ဖော်ကြေညာတယ်။ မင်းဟုတ်မှာပဲ၊ လုပ်နိုင်မှာပဲ။ ဒါပေမဲ့ ငါတို့က အဲ့ဒီဂျူဗီကြီးကိုစောင်ရမ်း ပျင်းနေပြီ။ 

သူတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ဆုတံဆိပ်စောင်းသံတွေ သိပ်များများကြားရတဲ့သူငယ်ချင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းအတွက် ငါတို့ကဂုဏ်ယူလိုက်ပါတယ်လီဝန်ဒေါစကီး။ မင်းကံဆိုးတာကိုငါတို့သိပေမယ့် အဲ့ဒါကမင်းရေးခဲ့တဲ့သမိုင်းကို ညှိုးရော်စေနိုင်လိမ့်မယ်မဟုတ်ပါဘူး။ ဒီနှစ်မှာ ဟိုနှစ်ယောက်က တိတ်ဆိတ်တယ်။ မင်းခြေသံတွေကပိုပြီးကျယ်လောင်တယ်။ ကိုဗစ်ကြောင့် ဒီနှစ်မှာအဲ့ဒီဆုကိုထုတ်ပြန်သွားတော့မယ်မဟုတ်ဘူးဆိုတော့ သူ့ပရိသတ်တချို့က နာကျင်ကြရတယ်။  တကယ်တော့ ကျွန်တော်တို့ဟာဆုတံဆိပ်တွေအတွက် ကစားနေကြတာမဟုတ်ပါဘူး။ ဆုတံဆိပ်လို အဖိုးထိုက်တန်တဲ့စွမ်းဆောင်နိုင်မှုတွေဆီ ကိုယ့်ခံစားမှုနဲ့ကိုယ်ကူးခတ်နေကြတာပဲဖြစ်တယ်။ အဲ့ဒါကိုရချင်ရမယ်။ အဲ့ဒါဟာမဖြစ်ချင်မဖြစ်ဘူး။ ဒါတွေကတစ်ခြားပါ။

စံချိန်တင်ဗိုလ်စွဲသွားတဲ့ချန်ပီယံလိဂ်မှာ မင်းအသံတွေအများဆုံးငါတို့ကြားခဲ့တာပေါ့ ကိုယ့်ကောင်ကြီးရေ..။ မင်းမှာ မက်ဆီလိုမပျော်ရွှင်နိုင်မှုမြစ်ပွားနာတစ်ခုလည်း စွဲကပ်မနေဘူး။ ရော်နယ်ဒိုလို ဟော့ဒီမှာ ငါ့ကိုကြည့်ကြဘိဆိုတဲ့ ဖြစ်ချင်စိတ်မီးလျှံတစ်ခုလည်း တောက်လောင်မနေပါဘူး။ သူဟာ စကားနည်းပါတယ်။ ချိုမြတဲ့အပြုံးတစ်ခုနဲ့ ဂိုးတွေကိုစိတ်အေးလက်အေးလဲလှယ်တတ်သူလူကြီးလူကောင်းတိုက်စစ်မှုးတစ်ဦးအဖြစ် သူ့ကိုကျွန်တော်ကချစ်ခင်လျက်ရှိပါတယ်။ သူဟာ ၃၂နှစ်ရှိပြီဖြစ်တယ်။ ဘိုင်ယန်အဆင့်နဲ့နောက်တစ်ကြိမ်ပြန်ပြီးမွတ်သိပ်လာတဲ့ ချန်ပီယံလိဂ်ဖလားကို ပွဲတိုင်းအနိုင်ယူခြင်းနဲ့ ရယူပြခဲ့တယ်။ ဘွန်ဒက်စ်လီဂါမှာ သူတို့ရဲ့ပြိုင်ဘက်ကင်းမှုဖန်ခွက်ကို ဘယ်သူမှမခွဲနိုင်ကြသေးတာသေချာတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းလီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ကမ်းခြေမှာ နေရောင်လှုံနေတုန်းပဲ။ မိသားစုအနမ်းတွေဆွတ်နေတုန်းပဲ။ နောက်ရာသီမှာလည်း ဟန်ဆီဖလစ်ခ်နဲ့အတူ တာဝန်ကျေရဲမက်ကြီးတစ်ဦးအဖြစ် ဘွန်ဒက်စ်လီဂါစစ်မြေပြင်ကနေ ကျွန်တော်တို့ကိုနှုတ်ခွန်းဆက်လိမ့်ဦးတော့မယ်။ ဂုဏ်ယူပါတယ်ကိုယ့်ကောင်ကြီး။ 

ဒါပါပဲ။ ဒီ ၃ယောက်လောက်နဲ့ ကျွန်တော်တို့သူငယ်ချင်းဝိုင်ကိုဖောက်လိုက်ပါတယ်။ လောကမှာအခြားသောအရေးအရာတွေရှိလည်းပဲ၊ အကြွေးနည်းနည်း၊ ခွေးနည်းနည်းရှိလည်းပဲ၊ ချစ်မေတ္တာမငြိမ်းသောမီးတွေရှိလည်းပဲ ကိုယ့်သူငယ်ချင်းနဲ့ကိုယ်ပျော်ရပါတယ်။ ဒီသုံးယောက်က သူငယ်ချင်းဝိုင်ရဲ့ထင်ရှားသောသက်သေပြမှုသာ ဖြစ်တယ်။ တကယ်ချရေးမယ်ဆိုရင် ကျွန်တော်တို့သူငယ်ချင်းများစွာအတွက် ဟောဒီစာမျက်နှာလောက်နဲ့ဘယ့်နှယ်လုံလောက်ပါ့မလဲ။ နောက်တစ်ပတ်ဆို ပရီးမီးယားလိဂ် စတော့မယ်။ အဲ့ဒီမှာ အဆင်ပြေပါ့မလားစောင့်ကြည့်လက်စသူငယ်ချင်းတွေ၊ ထောင့်မကျိုးလို့ အချိန်ပေးထားရတဲ့သူငယ်ချင်းတွေ၊ အခုထိမိတ်မဖွဲ့ရသေးတဲ့သူငယ်ချင်းတွေ၊ စသည်ဖြင့်များစွာတွေ့ကြရဦးမှာပဲ။ နောက်အပတ်တွေမှာလည်း အဲ့ဒီလိုသူငယ်ချင်းတွေရဲ့အသက်ရှူသံတွေ၊ တိုက်ပွဲတွေ၊ ဆိုက်ရောက်နယ်မြေတွေအကြောင်း ဒီမှာဆက်ရေး သွားပါဦးမယ်။ သူငယ်ချင်းဝိုင်နဲ့ ကျွန်တော်တို့ခွက်ချင်းတိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Nကြယ်မင်း

Facebook Comments Box
Facebook Comment